
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ်မီတာရုံးတွင် ယနေ့ (ဇူလိုင် ၁၆) နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး ဝန်ထမ်းတချို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ယနေ့ နံနက် ၉ နာရီခန့်အချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရုံးအတွင်းပိုင်းတွင် ဗုံးတစ်လုံး၊ ရုံးအနီးတွင် တစ်လုံးပေါက်ကွဲခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်နေထိုင်သူများက ဆိုသည်။
“ဖြစ်တဲ့အချိန်တုန်းက အသံက တော်တော်ကျယ်တယ်။ အဝေးကြီးက ကြားရတာ။ ဝန်ထမ်းတစ်ယောက် ဒဏ်ရာအပြင်းအထန်ရတယ်လို့ပဲ သိရတယ်။ သေသေချာချာ မသိရဘူး။ ဒီရက်ပိုင်းကတော့ မီတာလာဆောင်တဲ့လူက နည်းပါတယ်။ လက်ကျန်လောက်ပဲရှိတာပါ”ဟု မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ရာအိမ်မှူးတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ မည်မျှရှိသည်ကို အတိအကျမသိရသေးဘဲ မီတာရုံးဝန်ထမ်းတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရသည်ကိုသာ အတည်ပြုနိုင်သေးသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လာရောက်စစ်ဆေးနေပြီး ယူနီဖောင်းဝတ်များ၊ အရပ်ဝတ်များဖြင့် ယင်းနေရာ၌ ပြည့်နှက်နေကြောင်း ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သူမည်ဝါလက်ချက် မသိရှိရသေးဘဲ ဖမ်းဆီးခံရသူရှိမရှိကိုလည်း မသိရသေးပေ။
စစ်ကောင်စီက လျှပ်စစ်မီတာခများကောက်ခံရန် ပြီးခဲ့သည့် ဇွန်လမှစ၍ ကြိုးပမ်းလျက်ရှိပြီး လျှပ်စစ်ရုံးသို့ မီတာခလာဆောင်ခိုင်းခြင်း၊ ရပ်ရွာအတွင်း မီတာခလာကောက်ခံခြင်း၊ မီတာခမဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်ကာ ခြိမ်းခြောက်ခြင်းများလည်း ရှိသည်။
စစ်ကောင်စီကို အားပေးရာရောက်သည့် အခွန်ပေးဆောင်ခြင်း၊ လျှပ်စစ်မီတာခပေးဆောင်ခြင်းများ မပြုလုပ်ကြရန်၊ ပြည်သူလူထုကို ခြိမ်းခြောက်ကာ လျှပ်စစ်မီတာခများ ကောက်ခံခြင်းမပြုလုပ်ကြရန်နှင့် ထိုသို့လုပ်ဆောင်ပါက တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ မီတာခပေးဆောင်သူများ ထိခိုက်မှုဖြစ်လာပါက မိမိတာဝန်သာဖြစ်ကြောင်း သက်ဆိုင်ရာမြို့များရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၅၉ လမ်းရှိ လျှပ်စစ်မီတာရုံးနှင့် အမရပူရမြို့နယ်ရှိ လျှပ်စစ်မီတာရုံးတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အလားတူ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် ကြေးနန်းဝင်းရပ်ကွက်တွင် ဇူလိုင် ၁၁ ရက်က လျှပ်စစ်မီတာခ လာကောက်သူနှစ်ဦးအနက် တစ်ဦးပစ်သတ်ခံခဲ့ရသည်။
ရန်ကုန်မြို့တွင်လည်း ဇူလိုင် ၇ ရက်နှင့် ၉ ရက်နေ့များက လျှပ်စစ်ရုံးများ၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး သန်လျင်မြို့နယ်ရှိ လျှပ်စစ်ရုံးတွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။