ရန်ကုန်နှင့် မန္တလေးတွင် နေ့စဉ်သေဆုံးသူဦးရေ ရာဂဏန်းအထိ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်လာပြီး တိုးမြှင့်စစ်ဆေးနိုင်ခြင်းမရှိသော်လည်း တစ်ရက်ချင်းအလိုက် ပိုးတွေ့လူနာအရေအတွက်လည်း များပြားလာသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ဖြစ်ပွားနေမှုအခြေအနေကို မသိရသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တစ်ခုတည်းအရပင်လျှင် ပိုးတွေ့ရှိမှုမှာ နေ့စဉ်စစ်ဆေးသည့် အရေအတွက်၏ သုံးပုံတစ်ပုံရှိနေသည်။
ယမန်နေ့ (ဇူလိုင် ၁၄) တစ်ရက်တည်း၌ပင် ဓာတ်ခွဲနမူနာ ၂၁,၃၅၂ စစ်ဆေးခဲ့ရာ ၇,၀၈၃ ဦးအထိ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၄၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ခွဲနမူနာ တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင်ကို နေ့စဉ်စစ်ဆေးလျက်ရှိရာ ဇူလိုင် ၁ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၂,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုသုံးရက်အတွင်း ၅၀၀၀ ဝန်းကျင်မှ ၇၀၀၀ ကျော်အထိ ဖြစ်လာသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို အခြေခံတွက်ချက်မှုအရ ရောဂါပိုးတွေ့ရှိမှုနှုန်းသည်လည်း ဇွန်လတွင် ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ဇူလိုင်လဆန်းပိုင်း (ဇူလိုင် ၁ မှ ၁၄) ၂၈ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
ဆေးရုံဆေးခန်းများပြည့်နှက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ အခြေအနေဆိုးနေသော်လည်း ဆေးစစ်မှုတိုးမြှင့်ရန် မရှိဟု ဇူလိုင် ၁၂ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သည်။
“ကျွန်တော်တို့ ဝန်ခံပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတယ်။ ကွာရန်တင်းစင်တာတွေမှာလည်း ပြည့်နေတယ်။ ထပ်ပြီးလက်မခံနိုင်တဲ့ဟာတွေလည်း ရှိပါတယ်” ဟု စစ်ကောင်စီ၏ ပြန် ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားချက်အရ နေပြည်တော်နှင့် ရန်ကုန်ရှိ ဓာတ်ခွဲများ၌ စစ်ဆေးနိုင်မှု ပမာဏအနည်းငယ်သာရှိပြီး ပြည်နယ်နှင့် တိုင်းများရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် Rapid Test kit ဖြင့် အများဆုံးစစ်ဆေးပေးနေခြင်းဖြစ်သည်။
ရန်ကုန်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) တစ်ခုတည်းသာ စစ်ဆေးပေးနိုင်ကြောင်း ဆေးသုတေသနညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ပါမောက္ခဒေါက်တာဇော်သန်းထွန်းက Myanmar Now ကို ပြောသည်။
အာဏာမသိမ်းမီက ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် ဆေးသုတေသနဓာတ်ခွဲခန်း နှစ်ခုလုံးတွင် စစ်ဆေးပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် NHL တစ်ခုတည်းစစ်ဆေးပေးနိုင်ပြီး အရေအတွက်အားဖြင့်လည်း ၁၅၀၀ ခန့်သာ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ၌ ရောဂါကူးစက်နိုင်ခြေ ပိုမိုမြင့်မားသည့် မျိုးရိုးဗီဇကွဲ Covid-19 ရောဂါပိုးများဖြစ်သည့် Alpha နှင့် Delta အမျိုးအစားများ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ပိုးတွေ့ရှိနှုန်းမြင့်တက်လာရာ လက်ရှိတွင် နေ့စဉ်စစ်ဆေးမှု ၏ သုံးပုံတစ်ပုံအထိ ရှိလာသည်။
လက်ရှိတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်မှု အဆမတန်မြင့်မားလာပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနအရ နေ့စဉ်သေဆုံးသူ ၁၀၀ ဝန်းကျင်သာရှိသော်လည်း အမှန်တကယ်သေဆုံးမှုအရေအတွက်မှာ ထို့ထက်များပြားလျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းထားသည့် အခြေအနေတွင် ညမထွက်ရအမိန့်နှင့် အခြားသော တင်းကျပ်မှုများကြောင့် နေရာအနှံ့အပြားမှ ကိုဗစ်လူနာများ သေဆုံးမှုများကို အတိအကျသိရှိနိုင်ရန် ခက်ခဲသော်လည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ပင် နေ့စဉ်သေဆုံးသူရေ ၅၀၀ မှ ၁၀၀၀ ကြားရှိလာသည်။
ရန်ကုန်တွင် ကိုဗစ်ကပ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၆၀၀ ဝန်းကျင်ကို သုသာန်လေးခုသို့ နေ့စဉ် ပို့ဆောင် သင်္ဂြိုဟ်ပေးနေရသည်မှာ တစ်ပတ်ကျော်ရှိလာပြီး မနိုင်မနင်ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ သုံးခုက Myanmar Now ကို ပြောကြားထားသည်။
မန္တလေးမြို့တွင်လည်း နေ့စဉ်သေဆုံးသူဦးရေ ၄၀၀ ခန့်ရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
“သေတာက အရမ်းများတယ်။ အနည်းဆုံး ၄၀၀ လောက်ရှိမယ်။ အဓိကတော့ အောက်ဆီဂျင် ရှာမရတာပဲ။ တပ်ထဲမှာလည်း အရမ်းဖြစ်နေတယ်။ နန်းတွင်းထဲဆို Lock Down ချထားရတယ်” ဟု အဆိုပါ မြို့ခံက ဆိုသည်။