သတင်း

တာဝန်ရပ်ဆိုင်းမှုကို လက်မခံကြောင်း KNDO စစ်ဦးစီးချုပ် ပြော

တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ကရင်အမျိုးအသားအစည်းအရုံး (KNU) ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်ကို လက်မခံဘဲ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ယမန်နေ့  (ဇူလိုင် ၁၁) တွင် ပြောသည်။

မေ ၃၁ ရက်နေ့က ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး အသတ်ခံရမှုတွင် တာဝန်ရှိသည့် သူနှင့် ဗိုလ်ဘာဝါးတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း KNU ကာကွယ်ရေးဌာနက ဇူလိုင် ၈ တွင် ထုတ်ပြန်ခဲ့ပြီးနောက် ထိုသို့ တုံ့ပြန်ခြင်းဖြစ်သည်။

တာဝန်မှ ရပ်ဆိုင်းခံရပါက ရန်သူကို တိုက်ခိုက်ရှင်းလင်းရန် မဖြစ်နိုင်တော့သည့်အတွက် KNU ၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောနယ်ဒါးမြ၏ ကရင်ဘာသာဖြင့် ပြောဆိုချက်ရုပ်သံကို KNDO ၏ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်လွှင့်ခဲ့သည်။

“ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်မယ်။ ကျွန်တော်တို့ မကြောက်ဘူး၊ ရဲရဲရင့်ရင့်နဲ့ ကျွန်တော်တို့ ပြည်သူလူထုအတွက် ကရင်ပြည်လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်တို့ ရပ်တည်သွားမယ်” ဟု သူက  ပြောဆိုခဲ့သည်။ 

ထို့ပြင် KNDO က ကရင်ဘာသာဖြင့်ကြေညာချက်ကိုလည်း ဇူလိုင် ၁၁ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဇွန် ၁၄ မြဝတီသတင်းစာတွင် မေ ၃၁ ရက် မြဝတီခရိုင်၊ ကနဲလေး-မော်ခီး သွားကားလမ်း အူးဟူးချောင်းတံတား ဆောက်လုပ်ရေးလုပ်သား ၄၇ ယောက်ကို KNDO အဖွဲ့မှ ဗိုလ်ကြီးစောဘာဝါး ဦးဆောင်သည့် အင်အား ၃၀ ခန့်က ဖမ်းဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ထိုအထဲတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၁၀ ဦး ပါဝင်သည်ဟု ဆိုသည်။

ဇွန် ၁ နှင့် ၉ ရက်တွင် အမျိုးသမီးများ၊ ကလေးများအပါအဝင် ၂၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ အမျိုးသား ၂၅ ဦးကို ဆက်လက်ဖမ်းဆီးထား၍ လိုက်လံရှာဖွေရာ ဇွန် ၁၁ နှင့် ၁၂ တွင် လက်ပြန်ကြိုးတုပ်ထားသော ၎င်းတို့၏ ရုပ်အလောင်းများကို ရှာတွေ့ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက KNU ဗဟိုထံ ဇွန် ၁၃ ၌ စာပို့တိုင်တန်းခဲ့သည်။

စစ်ကောင်စီက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပြောက်ကျားဘောင်းဘီများ ဝတ်ဆင်ထားသည့် အမျိုးသားရုပ်အလောင်းများကို တွေ့ရှိရသည်။ 

မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသော ရုပ်အလောင်းများ။ 

KNDO ဘက်ကမူ သေဆုံးသွားသူများသည် အရပ်သားများမဟုတ်ဘဲ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသွင်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်၊ ၎င်းတို့ထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရာထူး၊ ရာခံ အဆောင်အယောင်များ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ 

KNU ဗဟိုက အဆိုပါကိစ္စအား စုံစမ်းစစ်ဆေးသွားမည်ဟု ဇွန် ၁၆ တွင် ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU ဗဟိုမှ တာဝန်ရှိသူများကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို တာဝန်မှ ယာယီရပ်ဆိုင်းရသည်မှာ KNU ၏ စည်းမျဉ်းစည်းကမ်းများအတိုင်းသာ ဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကို ဖြေကြားသည်။

“လူ့အခွင့်အရေးအရတော့ လိုက်နာလုပ်ဆောင်ရတာတွေ ရှိတာပဲ။ ကျွန်တော်တို့အဖွဲ့အစည်းမှာ စည်းမျဉ်းစည်းကမ်း ရှိနေတာနဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးတာ၊ တင်ပြတာမျိုးတော့ လုပ်ရမှာပဲ။ ဒါက အဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်တာပါပဲ” ဟု ပြောသည်။

အဆိုပါကိစ္စအား ရှင်းလင်းပေးရန် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို KNU ဗဟိုက ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသောကြောင့် အရေးပေါ်အစည်းအဝေးခေါ်ယူကာ ယခုလို တာဝန်မှ ယာယီရပ်ဆိုင်းရခြင်းဖြစ်ကြောင်း KIC တွင် ပြောထားသည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် တပ်ပိုင်းဆိုင်ရာရာထူးတွင် ဆက်ရှိနေမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်း KNDO စစ်ဦးစီးချုပ်တာဝန်ကို ယာယီရပ်ဆိုင်းထားခြင်းသာဖြစ်ကြောင်း၊ စုံစမ်းမှုပြီးစီးသည့်အခါမှသာ ထွက်ပေါ်လာသည့်ရလဒ်အပေါ် တရားရေးအရ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဒိုစောကွယ်ထူးဝင်းက KIC ကို ပြောထားသည်။

KNDO နှင့် KNLA သည် KNU ၏ လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။ 

KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို သဘောတူလက်မှတ်ထိုးထားသော်လည်း စစ်အာဏာသိမ်းပြီးနောက် တပ်မဟာတချို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ တိုက်ပွဲများမှာ တပ်မဟာ (၅) တွင် အဖြစ်များခဲ့သည်။

တပ်မဟာ (၃) နှင့် တပ်မဟာ (၅) တို့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ အရပ်သား ၂၀ ဦး သေဆုံးခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း KNDO သည် တပ်မဟာ (၅) ဘက်မှ ပူးပေါင်းတိုက်ခိုက်နေပြီး အခြားကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သော နယ်ခြားစောင့်တပ် (BGF) ကလည်း ၎င်းတို့ကို ထိန်းချုပ်သည့် စစ်ကောင်စီတပ်ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သည်။

ထို့ကြောင့် ကရင်လက်နက်ကိုင်အချင်းချင်းကြား ပစ်ခတ်မှုမဖြစ်စေရေးအတွက် ဇွန် ၁၅ နှင့် ၁၆ က KNU ဌာနချုပ် ၌ ကရင်လက်နက်ကိုင် ၄ ဖွဲ့ဖြစ်သော KNU/KNLA, ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA), KNU/KNLA−PC (ငြိမ်းချမ်းရေးကောင်စီ) နှင့် BGF တို့ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ 

ထိုသို့ တိုက်ပွဲများဖြစ်နေသော်လည်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့က NCA လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။  

ယင်းပြောဆိုချက်များမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးသဘောထားများဖြစ်ကြောင်း KNU နှင့် KNLA တို့မှ တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့ကြသည်။ 

စစ်ကောင်စီသည် NCA ထိုးထားသော KNU နယ်မြေများအတွင်း ကျော်လွန်ဝင်ရောက်ကာ လမ်းဖောက်မှုများကြောင့် အာဏာမသိမ်းခင် ၂၀၁၈ အတွင်းကတည်းက ဖာပွန်မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများသည် ၂၀၂၁ ဇန်နဝါရီလဆန်းပိုင်းတွင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျောက်ကြီးမြို့နယ်အထိ ကူးစက်ဖြစ်ပွားခဲ့သည်။ 

၂၀၂၀ ဒီဇင်ဘာအတွင်း တပ်မဟာ (၅) ထိန်းချုပ်နယ်မြေရှိ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ လေးခေါ်ထီ၊ နားကိုခီး၊ မယ်သူနှင့် မယ်ဝေ ကျေးရွာအုပ်စုများမှ ဒေသခံများက “မြန်မာစစ်တပ်သည် ဒေသတွင်း KNU သတ်မှတ်ထားသည့်နေရာထက်ကျော်လွန်ကာ လှုပ်ရှားသွားလာခြင်း၊ ပုံမှန်တပ်အင်အားဖြည့်တင်း ပို့ဆောင်ခြင်း၊ ပဋိပက္ခဖြစ်စေနိုင်သည့် နယ်မြေထောက်လှမ်းမှုများလုပ်ဆောင်ခြင်းအပြင် စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ရန် လမ်းများဖောက်လုပ်ပြင်ဆင်လာခြင်းတို့ ပြုလုပ်လျက်ရှိသည်” ဟု ဆိုကာ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ 

အပစ်ရပ် NCA စာချုပ် အခန်း (၃) တွင် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးရမည်ဟု ပါရှိပြီး အပစ်ရပ်နယ်မြေအတွင်း နှစ်ဖက်တပ်များက နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ၊ စစ်အင်အားတိုးချဲ့ခြင်းများနှင့် တိုက်ခိုက်မှုများမလုပ်ဆောင်ရန် ပါရှိသည်။

စစ်တပ်သည် NCA ချိုးဖောက်ကာ ဖာပွန်ခရိုင်အတွင်း တပ်အင်အားတိုးချဲ့ခြင်း၊ တပ်စခန်းသစ်များ ထပ်မံတည်ဆောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ကရင်အရပ်ဘက်အဖွဲ့များကလည်း ယင်းအချိန်က ဝေဖန်ခဲ့ကြသည်။

စစ်တပ်ကလည်း လမ်းဖောက်ခြင်းမှာ ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်သည်ဟု တုံ့ပြန်ထားသည်။ 

Show More

Related Articles

Back to top button