
ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ၏ တပ်မဟာ (၅) က ၎င်းတို့၏ နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုမှာ ဇွန်လအတွင်း ၁၅၀ ဦးကျော်ရှိပြီး ယခု ဇူလိုင်ပထမပတ်တွင် ၁၀ ဦး ရှိသည်ဟု ပြောသည်။
ဝင်လာသည့် စစ်ကောင်စီတပ်များကို နေ့စဉ်နီးပါး ကြားဖြတ်တိုက်ခိုက်ရာ ၁၅၆ ဦး သေဆုံးပြီး ဒဏ်ရာရသွားသူ ၁၁၇ ဦး ရှိကြောင်း တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။
တပ်မဟာ (၅) ဘက်မှ ၁ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရကြောင်း၊ အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“အခြေအနေက သူတို့က အသွား၊ KNLA ဘက်က စောင့်တာပေါ့။ အသွားနဲ့ စောင့်တဲ့သူနဲ့ကတော့ သွားတဲ့သူက ပိုအထိများတာပေါ့” ဟု ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ပုံအကြောင်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ရှင်းပြသည်။
“ဒီလလည်းပဲ သူတို့ (စစ်ကောင်စီတပ်)လှုပ်ရှားမှုက ရှိနေတဲ့အပေါ်မှာ အဲဒီလိုမျိုးပစ်ခတ်မှု တိုက်ပွဲသေးသေးလေးတွေကတော့ ရှိတာပဲ။ တစ်ရက် တစ်ကြိမ်၊ နှစ်ရက် တစ်ကြိမ် အဲဒီလိုမျိုးဖြစ်နေတာပဲ”
ဇူလိုင်လ ပထမပတ်တွင်လည်း နယ်မြေအတွင်း တိုက်ပွဲ ၃ ရက်ဆက်ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ (၅) ၏ Mutraw News က ယမန်နေ့ (ဇူလိုင် ၁၁) ၌ သတင်းထုတ်ပြန်သည်။
ဇူလိုင် ၅ မှ ၇ အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ရှိခဲ့သည်ဟု ဆိုသည်။
KNU တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲများတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် KNU ဗဟိုဌာနချုပ် ကွန်မန်ဒိုတပ်ဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း တပ်မဟာ (၅)ဘက်မှ သိရသည်။
KNDO သည်လည်း KNU ၏ လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။ တချို့တိုက်ပွဲများတွင် တပ်မဟာ (၅) ဘက်မှ ကရင်ပြည်နယ်အခြေပြု ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားသည့် အဓိကလမ်းကြောင်း ၃ ခု ရှိကြောင်းလည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။
“အခု ဖြစ်တာများတာက ဖာပွန် – ကမမောင်းကြားမှာ နောက်ပြီးတော့ တပ်မဟာ ၁ ဘီးလင်းဘက်က တက်လာတဲ့ ဘက်မှာ ဖြစ်တာများတယ်။ မြောက်ပိုင်းဘက်က လယ်မူပလောရယ်၊ ခေးပူရယ် အဲဒီဘက်မှာ အဖြစ်များတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဘက်က စစ်အင်အားတိုးချဲ့မှုများ၊ တပ်အပြောင်းအလဲများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်ရာနယ်မြေအတွင်းရှိ တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ ၎င်း၏ လက်အောက်ခံ ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သော နယ်ခြားစောင့်တပ် (BGF) က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
KNU ၏ တပ်မဟာ ၇ ခုအနက် တပ်မဟာ (၅) သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ လစဉ် ရာနှင့်ချီ ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ကျန်သည့် တပ်မဟာ (၃) ၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၆) နယ်မြေများတွင်လည်း မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေသည်။
မတ်လအတွင်း တပ်မဟာ ၃ နှင့် တပ်မဟာ ၅ နယ်မြေများတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ယင်းဗုံးကြဲမှုများအတွင်း အရပ်သား ၂၀ သေဆုံးခဲ့သည်။
ဖေဖော်ဝါရီလမှ မေလအထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော်၊ ဇွန်လတွင် ၁၅၀ ကျော်သေဆုံးခဲ့ရာ ၅ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅) ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။
မြန်မာပြည်တောင်ပိုင်းဒေသတွင် မေ ၅ မှ မေ ၂၆ အတွင်း တိုက်ပွဲ ၁၉၃ ကြိမ်ဖြစ်ပွားရာ စစ်တပ်ဘက်မှ မေလအတွင်း ၁၂၈ ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲများ ရပ်ဆိုင်းလျော့နည်းသွားရန် အဓိကအချက်မှာ စစ်ကောင်စီအနေဖြင့် ၎င်း၏ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုသည်။
“ကျွန်တော်တို့ တိုင်းပြည်အေးချမ်းသာယာဖို့ဆိုရင် စစ်ကောင်စီအနေနဲ့ သူ့ရဲ့ လုပ်ရပ်ကို ပြန်သုံးသပ်ပြီးတော့ ပြည်သူတွေကို တစ်ခါတည်း အာဏာပြန်လွှဲအပ်ပြီးတော့မှ ရှေ့ဆက်လာမယ့် အနာဂတ်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုမျိုး လုပ်ဆောင်ဖို့ပဲ လိုအပ်တယ်” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။
KNU တပ်မဟာ (၅) နှင့် တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။