ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူသင်္ဘောကျင်းရှိ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံကို ပုဂ္ဂလိကသို့ အောက်ဆီဂျင်ထုတ်မပေးရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၁၀) ညနေပိုင်းတွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ဌာနဆိုင်ရာစက်ရုံဖြစ်နေတဲ့အတွက် ထွက်သမျှကို ကိုဗစ်စင်တာတွေ ပို့ပေးရမယ်လို့ အမိန့်ထွက်လာတဲ့အတွက် ဇူလိုင် ၁၁ က စပြီး ကျွန်တော်တို့က ပုဂ္ဂလိကတွေကို ပေးလို့ မရတော့ပါဘူး”ဟု သိမ်ဖြူသင်္ဘောကျင်း၊ စက်မှုအင်ဂျင်နီယာဌာနမှ အဆိုပါ တာဝန်ရှိသူက ဆိုသည်။
သိမ်ဖြူသင်္ဘောကျင်းစက်ရုံသည် ယခင်က မနက် ၉ နာရီမှ ည ၁၀ နာရီအထိ ပြင်ပမှ အောက်ဆီဂျင်အိုးများ ဖြည့်ပေးခဲ့သည်။
တစ်နာရီလျှင် ၁၅ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံးကျော် ဖြည့်ပေးနိုင်သည့် အဆိုပါစက်ရုံသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်ရှိ စက်မှုအင်ဂျင်နီယာဌာနပိုင်လည်း ဖြစ်သည်။
ယခင်ရက်များက အပ်နှံထားသော အိုး ၁၀၀ ကျော်ရှိနေပြီး ထိုအိုးများ ဆက်ဖြည့်ပေး၊ မပေး မဆုံးဖြတ်ရသေးဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
မည်သည့်အကြောင်းကြောင့် တားမြစ်ခြင်းဖြစ်သည်ကို မသိရသေးသလို စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို မေးမြန်းရန်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ကိုဗစ်တတိယလှိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေရာ အကူးမြန်သည့် ဗီဇပြောင်းဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရသူများသည် အသက်ရှူကျပ်ကာ အောက်ဆီဂျင်လုံလောက်စွာ မရလျှင် သေဆုံးနေကြသဖြင့် အောက်ဆီဂျင်အိုးများ အရေးပေါ် လိုအပ်နေခြင်း ဖြစ်သည်။
ကပ်ရောဂါ ဆိုးရွားနေဆဲအချိန်တွင် စစ်ဗိုလ်ချုပ်များက အာဏာသိမ်းမှုကြောင့် အုပ်ချုပ်ရေး၊ ကျန်းမာရေး အစရှိသည့် ယန္တရားများပြိုလဲနေရာ ဤရန်သူနှစ်မျိုးကို တစ်ပြိုင်နက်ရင်ဆိုင်ရသည့် လူထုသည် အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်။
ကျန်းမာရေးဌာန၏ ဇူလိုင် ၁၀ ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် ကိုဗစ်လူနာသစ် ၄၃၇၇ ဦးရှိပြီး ရန်ကုန်တိုင်းမှာ လူနာသစ် ၈၈၄ ဦးဖြင့် အများဆုံးဖြစ်ကာ ပဲခူးတိုင်းမှာမူ ၇၆၂ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။
၎င်းဌာနကပင် သတင်းအမှားများကြောင့် အောက်ဆီဂျင်ဝယ်လိုအား တက်လာကြောင်း၊ မလိုအပ်ဘဲ ထိုသို့ ဝယ်ယူနေပါက အခက်အခဲရှိနိုင်ကြောင်း သတင်းထုတ်ထားသည်။
ထိုသို့ ပြောဆိုနေသော်လည်း အောက်ဆီဂျင်အိုးများရရှိနိုင်ရေး အလျဉ်မမီဖြစ်နေပြီး အောက်ဆီဂျင်မလုံလောက်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကိုဗစ်ကူးစက်မှုမြင့်မားနေသော ကလေးမြို့တွင်လည်း အောက်ဆီဂျင်လိုအပ်မှုကြောင့် တန်းစီစောင့်ဆိုင်းနေရသည်ကို လူမှုကွန်ရက်တွင် မျှဝေထားသည်ကို တွေ့မြင်ခဲ့ရသည်။
ယမန်နေ့ (ဇူလိုင် ၁၀) တွင် ကလေးမြို့၌ ကိုဗစ်နိုင်တင်း သံသယလူနာ ၃၃ ဦး သေဆုံးပြီး တစ်လကျော်အတွင်း သေဆုံးသူ ၅၀၀ ကျော် ရှိနေပြီဖြစ်သည်ဟု ဟားခါးအခြေစိုက် Chin World သတင်းဌာနတွင် ဖော်ပြထားသည်။