မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် ကြေးနန်းဝင်းရပ်ကွက် (သင်္ဂဇာချောင်း အနောက်ဘက်ပတ်လမ်းပေါ်) တွင် ယနေ့ (ဇူလိုင် ၁၁) နံနက် ၁၀ နာရီဝန်းကျင်၌ မီတာခ ကောက်သူ နှစ်ဦးအနက် တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ သာယာကုန်းရပ်ကွက်နှင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လက်ရွေးရပ်ကွက်၌ မီတာခကောက်သူများဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိစဉ် ဆိုင်ကယ်စီး လူတစ်စု ရောက်ရှိလာပြီး နှစ်ချက်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များကို ကိုးကား၍ လက်ရွေးရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က မီတာကောက်တဲ့တာဝန်ခံတွေလို့ပဲ သိရတယ်။ သာယာကုန်းရပ်ကွက်တာဝန်ခံက ဆုံးသွားတာ။ လက်ရွေးတာဝန်ခံကတော့ လွတ်သွားတယ်။ ပစ်တဲ့သူတွေက ဆိုင်ကယ် ၄ စီးနဲ့ လာပစ်သွားတာလို့ပဲ ကြားတယ်”ဟု လက်ရွေးရပ်ကွက်တွင် နေထိုင်သူက မျက်မြင်သက်သေတချို့ကို ကိုးကားပြီး ပြောသည်။
အလုပ်အတူသွားချိန် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ သေဆုံးသူသည် မဟာအောင်မြေမြို့နယ် လျှပ်စစ်မီတာရုံး ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးချစ်မန်းဆိုသူ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်မှန်း လတ်တလော မသိရသေးကြောင်း ဒေသခံတချို့က ပြောသည်။
ထိုနေရာသို့ ရောက်သွားသော စစ်ကောင်စီတပ်များက ရုပ်အလောင်း သယ်ဆောင်သွားပြီး အနီးဝန်းကျင် ရပ်ကွက်များတွင် လှည့်လည်စောင့်ကြည့်နေသည်ဟု သိရသည်။
ယမန်နေ့ညနေပိုင်းကလည်း ချမ်းအေးသာစံမြို့နယ် ၅၉ လမ်း၊ လျှပ်စစ်မီတာရုံးနှင့် အမရပူရမြို့နယ် လျှပ်စစ်မီတာရုံးတို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ကြားသိရပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။
အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီယန္တရား သက်ဆိုးမရှည်စေရန် ပြည်သူ အများအပြားက မီတာခ ပေးဆောင်ရန် ငြင်းဆန်နေသောကြောင့် ဇူလိုင်လဆန်းမှစ၍ မီတာခများ ရရှိရန် စစ်ကောင်စီက ပိုမိုကြိုးပမ်းနေခြင်း ဖြစ်သည်။
ဇူလိုင်လဆန်း၌ ရန်ကုန်ရှိ တချို့မြို့နယ်များတွင် လျှပ်စစ်ရုံးမှ အိမ်တိုင်ရာရောက် မီတာခ ကောက်ခံရန် ကြိုးပမ်းခဲ့ကြပြီး မီတာခမပေးဆောင်ပါက မီးဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရန်ကုန်ရှိ မင်္ဂလာဒုံ၊ လမ်းမတော်နှင့် စမ်းချောင်း မြို့နယ်များ၏ လျှပ်စစ်ရုံးသုံးခုတွင် ဇူလိုင် ၉ ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ထို့ပြင် လှိုင်၊ မရမ်းကုန်း၊ တာမွေမြို့နယ်မှ မီတာရုံးများကို မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဦးအဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။