ယနေ့ (ဇူလိုင် ၉) နံနက်ပိုင်းတွင် ရန်ကုန်ရှိ မင်္ဂလာဒုံ၊ လမ်းမတော်နှင့် စမ်းချောင်းမြို့နယ်များ၏ လျှပ်စစ်ရုံးသုံးခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းအနီးအနားတွင် ရောက်ရှိနေသူများထံမှ သိရသည်။
နံနက် ၅ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် ခရေပင်ရိပ်မွန်အိမ်ရာရှိ လျှပ်စစ်ရုံးပေါက်ကွဲမှုတွင် ရုံးခြံဝင်းတံခါး ပျက်စီးရုံမှအပ ထိခိုက်ဒဏ်ရာရသူများမရှိဟု ရုံးအနီးတွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“စစကြားလိုက်တုန်းကတော့ ကားဘီးပေါက်သံလိုပဲ။ နောက်ပြီးကျမှ စစ်ကောင်စီတပ်တွေက EPC ရုံးထဲ သွားတာတွေ့တော့မှ အဲဒီမှာ ဗုံးပေါက်မှန်းသိတာ” ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့်တစ်ပတ်ကတည်းက ထိုမြို့နယ်အတွင်း မီတာခလိုက်လံကောက်ခံနေသည်ကို တွေ့ရပြီး မီတာမဆောင်သည့် အိမ်တချို့ကို လျှပ်စစ်မီးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ဒီနေ့ ဗုံးပေါက်သွားတာတောင်မှ အခု ရပ်ကွက်ထဲမှာ မီတာခဆောင်ဖို့ လိုက်အော်နေတာရှိတယ်။ စစ်သားလေးငါးယောက်နဲ့ သေနတ်တွေပါတယ်။ မီတာပြင်တဲ့ ယူနီဖောင်းနဲ့လူတွေပါတယ်။ ဒီနေ့က စစ်သားတွေပိုများတယ်၊ အရင်နေ့က တစ်ယောက်နှစ်ယောက်ပဲ” ဟု ၎င်းက ဆိုသည်။
လမ်းမတော်မြို့နယ် ကမ်းနားလမ်း မော်တင်ကားမှတ်တိုင်အနီးရှိ လျှပ်စစ်ရုံး၌ နံနက် ၅ နာရီခွဲအချိန်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု အနီးအနားတွင် နေထိုင်သည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“(ဗုံးပေါက်သံ) ကြားလိုက်တယ်၊ မနက်ငါးခွဲလောက်က၊ အိမ်ပါတုန်သွားတယ်။ မနက်ကတော့ ကားတွေ တားစစ်တယ်” ဟု လမ်းမတော် ၉ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
လမ်းမတော်မြို့ နယ်တွင် အခြားမြို့နယ်များကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် အင်အားပြကာ မီတာခ လှည့်လည်ကောက်ခံမှု မရှိသေးသော်လည်း မီတာခပေးဆောင်ကြရန် ယခုရက်ပိုင်းအတွင်း ကားဖြင့်လှည့်လည် ဆော်ဩနေကြောင်း ၎င်းက ပြောသည်။
နံနက် ၁၀ နာရီအချိန်က မြေနီကုန်း City Mart ကုန်တိုက်အနီးရှိ စမ်းချောင်းမြို့နယ် လျှပ်စစ်ရုံးအရှေ့ ဓာတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက စစ်သားအချို့ရောက်ရှိနေကြောင်း ထိုကုန်တိုက်တွင် ရောက်ရှိနေသူတစ်ဦးက ပြောသည်။
“အသံကတော့ တော်တော်ကျယ်တယ်။ City Mart တောင် တုန်တယ်။ ဗုံးကတော့ အပြင်ကနေ ပစ်သွားတဲ့ပုံစံမျိုး၊ အထဲကိုမရောက်ဘူး။ အဲဒီအချိန်မှာက စစ်သားတွေ စစ်ဗိုလ်တွေလည်း ရောက်နေတယ်၊ ဗုံးပစ်လိုက်တဲ့အချိန်မှာ။ ကျွန်တော့်အထင်ကတော့ ဒီမနက် စမ်းချောင်းတစ်ဝိုက်မှာ မီတာခလိုက်ကောက်မယ့်အခြေအနေရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။
ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်း မြေနီကုန်းတဝိုက်တွင် လမ်းပိတ်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့လည်း အကြာကြီးတော့ အဲ့နားမှာ ရပ်မစောင့်ရဲဘူး။ စစ်ကားတွေက ချက်ချင်းပဲ ရောက်လာပါတယ်။ အခုလည်း ဗြောင်းဆန်နေတာပဲ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီကို ဝင်ငွေရစေနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားခအပါအဝင် အခွန်အခမှန်သမျှကို ပေးဆောင်ခြင်း မပြုရန် အာဏာသိမ်းမှုဆန့်ကျင်သူများက လှုံ့ဆော်နေကြချိန်တွင် စစ်ကောင်စီက မီတာခဆောင်ကြရန် တိုက်တွန်းလျက်ရှိပြီး မြို့နယ်တချို့မှ လျှပ်စစ်ရုံးဝန်ထမ်းများကလည်း ရပ်ကွက်များသို့ ဆင်းပြီး မီတာခ လိုက်လံကောက်ခံလျက်ရှိသည်။
မီတာခ မဆောင်သည့်အိမ်ကို မီးဖြတ်မည်ဟု ကြေညာထားသည်။
ဤသို့သော အခြေအနေတွင် မြို့နယ်များ၏ လျှပ်စစ်ရုံးတချို့တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်သည်။
လွန်ခဲ့သော ငါးရက်ခန့်မှစ၍ ရန်ကုန်တိုင်း လှိုင်၊ တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်နှင့် ပဲခူးတိုင်း ပဲခူးမြို့တို့တွင် လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်တွင် အထပ်မြင့်တိုက်တွင် နေထိုင်သူတို့မှာ သုံးရေရရှိရန်အတွက် လျှပ်စစ်ဓာတ်အား မဖြစ်မနေလိုအပ်သည်။ အာဏာသိမ်းမှုဆန့်ကျင်သူတို့သည် ဓာတ်အားခမပေးဆောင်ရေးလှုပ်ရှားမှုတွင် ပါဝင်ရေးမှာ ဆုံးဖြတ်ရခက်လာသည်။
ရေတင်နိုင်ရန် မီးစက်ဝယ်ယူခြင်း၊ နေစွမ်းအင်သုံးပြီး လျှပ်စစ်မီးရအောင် စီစဉ်ခြင်းဖြင့် လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ရန် တိုက်တွန်းသူများလည်း ရှိနေသည်။