စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဇွန် ၂၉ ရက်က ကိုယ်ဝန်အရင့်အမာဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ အသက် ၃၀ အရွယ် မမြတ်သူဇာမှာ သားဦးလေးမွေးဖွားရန် ဆေးရုံဆေးခန်းလိုက်ရှာရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။
နေ့စေ့လစေ့ကိုယ်ဝန်ရှိနေသော မမြတ်သူဇာသည် ထိုနေ့ နံနက် ၂ နာရီခန့်တွင် ဗိုက်စနာလာခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ညမထွက်ရအမိန့်ကြောင့် နံနက် ၅ နာရီ ကျော်မှသာ ဆေးရုံထွက်ရှာနိုင်ခဲ့သည်။ ဆေးရုံဆေးခန်း ၁၀ ခုခန့်ကို ရောက်သော်လည်း မည်သည့်နေရာကမျှ လက်ခံမွေးဖွားပေးနိုင်ခြင်း မရှိပေ။
အကြောင်းမူကား ကိုယ်ဝန်အရင့်အမာဖြင့် မမြတ်သူဇာမှာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်ခံထားရသောကြောင့်ဖြစ်သည်။
“သွေးတွေဆင်းလာတော့ ကလေးမွေးချင်နေတာဆိုပြီး ကိုယ်ဝန်အပ်ခဲ့တဲ့ ချမ်းမြေ့ဆေးခန်းကို အရင်သွားတယ်။ မေင်းထုတ်ခံလိုက်ရတယ်။ တခြားဆေးခန်းတွေလိုက်ရှာနေရင်း အသက်ရှူကျပ်ပြီး သေသွားတာ” ဟု သေဆုံးသူ၏ မမြတ်သူဇာ၏ မောင်ဖြစ်သူ ကိုသက်နိုင်ထွန်းက ပြောသည်။
မမြတ်သူဇာမှာ ကလေးမြို့မှ ခြောက်မိုင်ခန့်ဝေးသည့် သာယာဝတီကျေးရွာမှဖြစ်သည်။ ကိုယ်ဝန်အရင့်အမာဖြစ်နေစဉ် ဖျားနာလာသဖြင့် ဆရာဝန်တစ်ဦးထံ သွားရောက်ပြသပြီး ဆေးစစ်ကြည့်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း သိရှိခဲ့ရသည်။
ကိုဗစ်ကူးမှန်းသိလိုက်ရသော်လည်း မမြတ်သူဇာမှာ သားဦးလေးကို လျှောလျှောရှူရှူမွေးဖွားနိုင်ရန် စိတ်အားပြင်းပြလျက်ရှိသည်။ စစ်အာဏာသိမ်းပြီး ကစဉ့်ကလျားဖြစ်နေသည့်အခြေအနေကြောင့် ကလေးမြို့ပေါ်သို့ သွားရောက်ကာ ဆေးကုသရန် အခွင့်မသာခဲ့ပေ။ နေအိမ်၌ပင် အားရှိစေမည့် အစာအာဟာရများ စားသုံးလျက် မီးဖွားမည့်ရက်ကို စောင့်မျှော်နေခဲ့သည်။
ကိုဗစ်ကူးစက်ခံရကြောင်း သိရှိပြီး ၁၀ ရက်မြောက်နေ့တွင် ဗိုက်နာလာခဲ့သည်။ သို့သော် မမြတ်သူဇာ သားဦးလေးကို မွေးဖွားရန် အခွင့်အရေးမရတော့ပေ။ နာကြည်းစက်ဆုပ်ဖွယ်ကောင်းသော စစ်အာဏာရှင်နှင့် ကိုဗစ်နိုင်တင်းကပ်ရောဂါကို တစ်ပြိုင်နက်အန်တုရင်း မမြတ်သူဇာ သေဆုံးခဲ့ရသည်။ သူတစ်ယောက်တည်း မဟုတ်ပါပေ။ လူ့လောကကို ရောက်လာခြင်းမရှိသေးသော ရင်သွေးငယ်လေးပါ သေဆုံးခဲ့ရသည်။
“သူလည်း ဝမ်းနည်းနေမှာပါ။ ဘယ်ကမှ လက်မခံတော့” ဟု အစ်မဖြစ်သူ မမြတ်သူဇာ သေဆုံးရခြင်းအပေါ် ကိုသက်နိုင်ထွန်းက မချိတင်ကဲပြောလိုက်သည်။
ကူရာကယ်ရာမဲ့အခြေအနေ
ကိုဗစ်ကူးစက်မှု လွန်စွာမြင့်တက်နေသော ကလေးမြို့၏ လက်ရှိအနေအထားမှာ ကူရာကယ်ရာမဲ့ဖြစ်သည်။ စစ်ကောင်စီ၏ အညှာအတာမဲ့ဖမ်းဆီးမှု၊ တရားစွဲဆိုမှု၊ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပရဟိတသမားများ၊ ကျန်းမာရေးဝန်ထမ်းများ မကျန်သလောက် ထွက်ပြေးနေရသည်။
စစ်ကောင်စီရန်ကြောင့် ကိုဗစ်ကူးစက်ခံထားရသူများ၏ ဒုက္ခမှာ အရှိတရားထက် ပိုကြီးမားနေသည်။ မြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းအများစု ပိတ်ထားရသည်။ ဆရာဝန်နှင့် သူနာပြုအနည်းသာရှိသော အစိုးရဆေးရုံကိုလည်း မည်သူ့မျှ အားကိုးအားထား မပြုနိုင်ကြောင်း မြို့ခံလူမှုကူညီရေးအသင်းတချို့ထံမှ သိရသည်။
“စစ်ကောင်စီကတော့ ဆရာဝန်တွေ၊ သူနာပြုတွေမရှိတဲ့အဆုံးတော့ ဘာမှမလုပ်ပေးနိုင်ဘူးပေါ့” ဟု ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများ စောင့်ရှောက်ရေးနှင့် ပတ်သက်၍ မြို့ခံပရဟိတသမားတစ်ဦးက Myanmar Now ကို ပြောသည်။
ကလေးမြို့တွင် မတ် ၂၄ ရက်မှ ယနေ့ (ဇူလိုင် ၆) အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် သေဆုံးခဲ့ရသူ ၄၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် တွေ့မြင်ရသည့် ဓာတ်ပုံမှတ်တမ်းများအရ အောက်ဆီဂျင်အိုးရရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့မြင်ရသည့်နည်းတူ သုသာန်တွင် အုတ်ဂူသစ်များ တိုးလာလျက်ရှိသည်ကို တွေ့ရသဖြင့် ကလေးမြို့၏ လက်ရှိအခြေအနေ မည်မျှဆိုးရွားလျက်ရှိကြောင်း ခန့်မှန်းနိုင်သည်။
“ရောဂါက ရပ်ကွက်တိုင်းမှာရှိတယ်။ ကျွန်တော်တို့က ကိုဗစ်စင်တာကိုတောင် မရောက်ဖြစ်တော့ဘူး။ အလောင်း သင်္ဂြိုဟ်တာပဲ လုပ်နေရတာ။ ရပ်ကွက်ထဲက လာခေါ်တာတွေပဲ လုပ်နေရတာ” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်အိမ်တည်းတွင် ကိုဗစ်ကြောင့် တစ်ယောက်သေပြီး နာရီပိုင်းအတွင်း နောက်တစ်ဦး ထပ်မံသေဆုံးသည့် ဖြစ်စဉ်များလည်းရှိကြောင်း အခြားလူမှုရေးအသင်းတစ်ခုမှ အမျိုးသမီးက ဆိုသည်။
“တကယ့်ကို စိတ်ပျက်စရာပဲ” ဟု ၎င်းက ညည်းတွားပြီး ပြောလိုက်သည်။
ကိုဗစ်ကူးစက်ခံထားရသူများ လက်ခံကုသပေးသည့် စင်တာသုံးခုရှိပြီး အတည်ပြုလူနာ ၃၀၀ ခန့်ကို လက်ခံပေးသည်ဟု မြို့ခံပရဟိတသများထံမှ သိရသည်။
မြို့မမြို့ဖများနှင့် အလှူရှင်များ၏ မတည်ငွေဖြင့် ကလေးမြို့ပြင် အိပ်စွပ်ရွာရှိ ကိုဗစ်စင်တာတွင် သူနာပြုနှစ်ဦးနှင့် စေတနာ့ဝန်ထမ်း ၇ ဦးသာရှိသော်လည်း အတည်ပြုနာပေါင်း ၂၈၀ ခန့် လက်ခံကုသပေးနေရသည်။ ဆရာဝန်လေးဦးနှင့် သူနာပြုလေးဦးရှိသည့် ပြည်သူ့ဆေးရုံတွင် လူနာ ၁၅ ဦးသာရှိပြီး ဆရာဝန်နှစ်ဦးနှင့် သူနာပြုလေးဦးရှိသည့် တိုင်းရင်းဆေးရုံမှာ လူနာသုံးလေးကိုသာ လက်ခံကုသပေးနိုင်သည်ဟု သိရသည်။
ကိုဗစ်ကူးစက်ခံထားရသူများအနေဖြင့် ဆေးရုံဆေးခန်းများကို အားကိုးနိုင်ခြင်း မရှိသောကြောင့် နီးစပ်ရာဆရာဝန်များကို ဆက်သွယ်ကာ ဆေးညွှန်းတောင်းခံလျက် နေအိမ်၌ပင် ကပ်ရောဂါကို ခုခံနေရသည်ဟု ဆိုသည်။
“ဆေးမှ မရှိတာ။ ဗိုက်တာမင်စီတို့၊ ပါရစီတမော့တို့နဲ့ ဖြည့်စွက်စာတွေပဲ စားကြတာ” ဟု ကလေးမြို့ တောင်ဇလပ်ရပ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုအမျိုးသမီးကိုယ်တိုင်သည်လည်း အခြားမိသားစုဝင်များနှင့်အတူ ကူးစက်ခံထားရသည့် အသက် ၉၉ နှစ်အရွယ် အဘိုးဖြစ်သူကို နေအိမ်၌ပင် ပြုစုစောင့်ရှောက်နေရသူဖြစ်သည်။
ကလေးမြို့တွင် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်လည်း ကြီးမားလျက်ရှိသည်ဟု သိရသည်။ မိုင် ၂၀၀ ကျော်ဝေးကွာသည့် မန္တလေးမြို့မှ အောက်ဆီဂျင်ဘူးမှာယူနေရသဖြင့် ပျမ်းမျှ သုံးရက်ခန့် ကြာမြင့်သည့် လမ်းခရီးကြောင့် နေ့စဉ်လိုအပ်ချက် မြင့်တက်လျက်ရှိသည်။
“နေ့တိုင်း အောက်စီဂျင်လာမေးကြတယ်။ ကလေးမှာ အောက်စီဂျင်ပြန်ဖြည့်လို့ရမယ့်နေရာ သုံးခုရှိပေမယ့် မီးအားမနိုင်တော့ ဖြည့်မရဘူး။ အခုပြတ်နေတယ်” ဟု လူမှုရေးအသင်းမှ တာဝန်ရှိသူအမျိုးသမီးက ပြောသည်။
မြွေပူရာကင်းမှောင့်
ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် အသည်းအသန်ဖြစ်နေသည့် ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များရန်ကလည်း မြွေပူရာကင့်မှောင့်သဖွယ် ဖြစ်နေသည်။ ညမထွက်ရအမိန့်ကြောင့် ညအချိန်မတော် အောက်ဆီဂျင်လိုအပ်သူများ အတိဒုက္ခရောက်နေရသည်။
“ည ၈ နာရီနောက်ပိုင်းဆို ဘယ်သူမှ မထွက်ရဲဘူး။ အပစ်ခံရတာတွေလည်း ရှိတယ်။ ညဆိုရင် ဆိုးတယ်” ဟု လူမှုရေးအသင်းမှ တာဝန်ရှိသူအမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၃ ရက်ညပိုင်းက ဆိုင်ကယ်စီးနင်းလာသူ လူငယ်နှစ်ဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုသို့ ပစ်ခတ်ခံရသောကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားလူငယ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှလိုက်ပါလာသူ အမျိုးသမီးငယ်မှာလည်း ကျည်ထိမှန်ခဲ့သည်။
ပေါင်တွင် ထိမှန်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၁၉ နှစ်အရွယ် မိုင်နွမ်ဇာထျန်းဖြစ်ပြီး ထိုဒဏ်ရာဖြင့်ပင် သွေးထွက်လွန်သေဆုံးခဲ့ရသော်လည်း စစ်ကောင်စီက ကိုဗစ်နိုင်တင်းဖြစ်သည်ဟု ဖိအားပေးလျက် နေ့ချင်းပြီး သင်္ဂြိုဟ်စေခဲ့သည်။
အလားတူပင် စစ်ကောင်စီလက်ချက်ဖြင့် အသက်ဆုံးခဲ့ရသူ နောက်ထပ်ကလေးမြို့ခံတစ်ဦးမှာ ကိုဇော်ထက် (ခ) ဆလိုင်းဗန်ထာကျုံးဖြစ်သည်။ အသက် ၂၆ နှစ်အရွယ် ချင်းတိုင်းရင်းသားလူငယ်မှာ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး နောက်တစ်ရက်တွင် ကိုဗစ်ကြောင့် သေဆုံးသည်ဟု စစ်ကောင်စီက မိသားစုထံ အကြောင်းကြားခဲ့ပြီး မိုင်နွမ်ဇာထျန်းကဲ့သို့ပင် ဖိအားပေးသင်္ဂြိုဟ်စေခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရာတွင် ကလေးမြို့မှာလည်း ထင်ရှားခဲ့ပြီး ထိုမြို့မှ တာဟန်းခံတပ်မှာ နာမည်ကျော်စစ်အာဏာရှင်ဆန့်ကျင်ရေး ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။ ဧပြီလအတွင်း ထိုတာဟန်းသပိတ်ခံတပ်ကို စစ်ကောင်စီက အင်အားသုံးဖြိုခွင်းခဲ့ရာ ငြိမ်းချမ်းစွာဆန္ဒပြနေသော အရပ်သားပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ထို့နောက်တွင် လက်နက်အားကိုး စစ်ကောင်စီတပ်များကို ကလေးဒေသခံများက ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ခုခံတော်လှန်ခဲ့သည်။ ကလေးမြို့မှ စတင်သည့် တူမီးကိုင်တော်လှန်ရေးသည် စစ်ကိုင်းတိုင်းအတွင်းရှိ နီးစပ်ရာမြို့နယ်များအပြင် ချင်းပြည်နယ်အထိ ကူးစက်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား သူသေကိုယ်သေ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
လတ်တလောတွင် ကလေးမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်၏ ရမ်းကားမှုများက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း မိုင်နွမ်ဇာထျန်းနှင့် ဆလိုင်းဗန်ထာကျုံးတို့၏ ဖြစ်ရပ်များက သက်သေခံနေသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကို အသည်းအသန်ခုခံနေရချိန်တွင် ကလေးမြို့ပေါ်၌ စစ်မီးပြန်တောက်လာမည်ကို စိုးရိမ်မိသော်လည်း ကြုံလာသမျှဒဏ်ကို ခါးစည်းခံရတော့မည်သာဖြစ်ကြောင်း တာဟန်းရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုသည်။
“ကိုယ့်မိသားစုထဲမှာ မရှိရင်တောင်မှ ကိုယ့်အမျိုးတွေက ဖျားနေကြပြီ၊ ကိုဗစ်ကြောင့်။ အိမ်ဗုံးကွဲလည်း ခံရုံပဲ။ ဒါပေမဲ့ တိုက်ပွဲတော့ ဖြစ်ရဦးမှာပဲ။ ဒီမိုကရေစီရဖို့ တိုက်ပွဲဖြစ်ရမှာပါ” ဟု အဆိုပါ ချင်းတိုင်းရင်းသားလူငယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။