
ဖမ်းဆီးခံရပြီးနောက်မှ ပါတီကထုတ်ပြန်သည့်စာများအတွက် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုခံထားရသည့်အမှုတွင် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ ကန့်ကွက်သမျှ ပယ်ချခံနေရသည်။
“ဒီအမှုကို ဆက်လက်စစ်ဆေးမယ်ဆိုရင်လည်း စွပ်စွဲခံရသူတွေမှာ အခွင့်အရေးတွေ နစ်နာဆုံးရှုံးရမှာဖြစ်တယ်”ဟု ယနေ့(ဇူလိုင်၆) ပြုလုပ်သည့် အထူးတရားရုံးတရားခွင်၌ လျှောက်လဲခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
ယင်းအမှုနှင့် စပ်လျဉ်း၍ စစ်ကောင်စီက တင်သွင်းထားသည့် အဓိကသက်သေခံစာနှစ်စောင်မှာ ဖေဖော်ဝါရီ ၇၊ ၁၃တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီက ထုတ်ပြန်သည့် ကြေညာချက်များသာ ဖြစ်နေသောကြောင့် ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီ၌ပင် ဖမ်းခံထားရသည့် ပါတီခေါင်းဆောင်များနှင့် မသက်ဆိုင်ဟု စွပ်စွဲခံရသူတို့ဘက်မှ ရှေ့နေများက ရပ်ခံထုချေနေခြင်းဖြစ်သည်။
အဆိုပါ စာနှစ်စောင်ကို သက်သေထူ၍ ပုဒ်မ ၅၀၅(ခ)ဖြင့် စစ်ကောင်စီက တစ်ပေါင်းတည်းတရားစွဲဆိုခံထားရသူများမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ဖြစ်ပြီး ၎င်းတို့ကလည်း ရှေ့နေတစ်ဖွဲ့တည်းဖြင့်သာ အမှုကို ရင်ဆိုင်နေသည်။
NLD ခေါင်းဆောင်တို့၏ ရှေ့နေများက အထက်ပါသက်သေခံကိစ္စအပေါ် ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးဆောင်သော အထူးတရားရုံးတွင် ဇွန် ၂၂ တရားခွင်မှစ၍ အပတ်စဉ်ကန့်ကွက်ခြင်း၊ ယမန်နေ့ (ဇူလိုင်၅)က ဒက္ခိဏခရိုင်တရားရုံးသို့ ပြင်ဆင်ချက်တင်သွင်းခြင်းတို့ ဆောင်ရွက်ပြီးဖြစ်သော်လည်း ပယ်ချခံထားရသည်။
ထို့အပြင် ယနေ့(ဇူလိုင်၆) အထူးတရားရုံးတရားခွင် စတင်ရန် မြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်က ပြင်ဆင်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေများက သက်သေခံကိစ္စ မန္တလေးတိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက်ဆက်တက်မည်ဖြစ်၍ စစ်ဆေးမှုကို ဆိုင်းငံ့ရန် ထပ်မံလျှောက်ထားမှုမှာလည်း အရေးနိမ့်ခဲ့ရပြန်သည်။
“အထက်တရားရုံး(မန္တလေးတိုင်းတရားလွှတ်တော်)ကနေ စွပ်စွဲခံရသူရဲ့ ပြင်ဆင်မှုကို လက်ခံခဲ့ပါကလည်း တရားလိုကို ဒီနေ့စစ်တဲ့ စစ်ဆေးမှုက အဟောသိကံဖြစ်သွားမှာ”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ထို့အပြင် ယနေ့တရားခွင်၌ တရားလိုဘက်က သက်သေခံအဖြစ် ထပ်မံတင်သွင်းသည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်းကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ကန့်ကွက်ရာတွင်လည်း အရာမထင်ခဲ့ဟု ရှေ့နေများက ပြောသည်။
မန္တလေးတိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက်တင်သွင်းရန် စာရွက်စာတမ်းကိစ္စများ အဆင်သင့်ဖြစ်ပြီဟု ရှေ့နေများက ပြောသော်လည်း မည်သည့်နေ့တွင်လုပ်ဆောင်မည်ကို အတိအကျမသိရသေးပေ။
တရားခွင်မစမီ နာရီဝက်ခန့်တွေ့ခွင့်ရချိန်၌မူ ဆိုးရွားပြင်းထန်သည့် ကိုဗစ်နိုင်တင်းကပ်ရောဂါကို ကျန်းမာရေးသတိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတို့ထံ အမှာစကားပါးလိုက်ကြောင်း ဒေါ်မင်းမင်းစိုးကပြောသည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၇မှုဖြင့် စွပ်စွဲထားပြီး ယင်းတို့အနက် ၅မှုကို အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် နေပြည်တော်ကောင်စီဝင်းအတွင်း စီစဉ်ထားသည့် အထူးတရားရုံး၌ စစ်ဆေးနေသည်။