
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဝင်များကို တောနင်းရှာဖွေပြီး ယနေ့ (ဇူလိုင် ၅) နေ့လယ်၌ ပြန်ဆုတ်ခွာသွားခဲ့သော်လည်း ဒေသခံအများစုက နေရပ်မပြန်နိုင်ဘဲ ဆက်လက် တိမ်းရှောင်နေဆဲဖြစ်သည်။
ဇူလိုင် ၂ ၌ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာသို့ ရောက်လာသည့် စစ်တပ်ကို PDF က ပစ်ခတ်တားဆီးရာမှ တိုက်ပွဲဖြစ်ခဲ့ပြီး ရွာမှ မိုင် ၂၀ ပတ်လည်အတွင်း ဇူလိုင် ၄ အထိ စစ်တပ်က လိုက်လံရှာဖွေ ပစ်ခတ်နေသည်။
“တောတွေထဲမှာပါ လိုက်မွှေသွားတော့ ပြည်သူလူထုအနေနဲ့ ဘယ်လိုမှကို မနေရဲဘူး။ ကိုယ့်တဲ၊ ကိုယ့်ကုန်းတွေမှာ မနေရဲဘူး။ တခြားတွေရောက်အောင် ပြေးရတယ်”ဟု ဆပ်ပြာကျင်းရွာ ဒေသခံတစ်ဦးက ပြောသည်။
ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ရာ အနီးအနားရှိ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ အုံးနှဲကျင်း၊ အုံးတင်၊ ခြုံရွာ၊ ဘုတ်ထမ်းရွာ အပါအဝင် ကျေးရွာ ၂၀ ကျော်မှ ရွာသူရွာသားများ ထွက်ပြေးနေရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များ စားဝတ်နေရေး၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။
ဘုတ်ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထွက်ပြေးရင်း ဇူလိုင် ၂ တွင် မြွေကိုက်ခံရပြီး ၂ ရက်အကြာတွင် သေဆုံးခဲ့သည်။
“(နေတဲ့နေရာ) လက်နက်ကြီးတွေနဲ့ ထုနေတာဆိုတော့ သိပ်မဝေးတော့ ပြေးရတာ။ အမှောင်ထဲမှာ သွားရတာဆိုတော့ ပိုးထိသွားတာ။ (ဇူလိုင် ၄) ည ၁၁ လောက်မှာ ဆုံးသွားတယ်။ မနက်က ကျေးရွာကို ပြန်သယ်ဖို့ စီစဉ်ပေမယ့် တောနင်း ပြီး စစ်တပ်က ရှာနေတဲ့အချိန်ဆိုတော့ ကျေးရွာမှာလည်း လူမရှိတော့ ပြန်မသယ်နိုင်ဘူး” ဟု ဘုတ်ကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။
ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်း ဆပ်ပြာကျင်းရွာအနီး တိုက်ပွဲတွင် လက်နက်အင်အားမမျှတသည့်အတွက် PDF တပ်ဖွဲ့ဝင်တို့ နောက်ဆုတ်သွားကြောင်း သိရသည်။
လိုက်လံပစ်ခတ်ခဲ့သည့် စစ်တပ်က ဆပ်ပြာကျင်းရွာနှင့် ကပ်လျက်ရှိသည့် ကျွန်းကလေးရွာဘုန်းကြီးကျောင်းဝင်းတွင် တပ်စွဲနေရာယူခဲ့သည်။
နေ့လယ်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အဝေးပစ်လက်နက်ကြီးအင်အား အလုံးအရင်းအသုံးပြုသည့်အတွက် PDF အဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲပြင်းထန်နေစဉ်အတွင်း ရွှေ့ပြောင်းရန် အခက်အခဲကြောင့် နီးစပ်ရာတွင် ပုန်းခိုနေသည့် ထိခိုက်ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က အနီးကပ်ပစ်သတ်ခဲ့ကြသည်ဟု သိရသည်။
“ကျွန်တော်နဲ့အတူတူရှိနေတဲ့ ရဲဘော်နှစ်ယောက်ဆိုရင်လည်း ချန်ထားခဲ့ရတာ။ မင်းဒီမှာပဲနေ၊ ဒီမှာပဲ လုံခြုံအောင်ပဲနေ၊ တိုက်ပွဲလေး ခဏလေးအေးသွားရင် ငါမင်းကို ပြန်ကူမယ်ဆိုပြီး ပြောခဲ့ပေမယ့် သူလည်း ခေါင်းမှာပဲတေ့ပြီး ပစ်သတ်ခံရတယ်” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် ကျွန်းကလေးရွာဘုန်းတော်ကြီးကျောင်း အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တို့မှ ကောက်ယူရရှိခဲ့သည့် ရုပ်အလောင်းများအနက် ၆ ခုမှာ အနီးကပ်ပစ်သတ်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဒီပဲယင်း PDF ဘက်က ဆိုသည်။
တူမီးဖြင့် ခုခံသည့် PDF များ စစ်မြေပြင်သုံးလက်နက်ကြီးများဒဏ်ကြောင့် ဒဏ်ရာရနေစဉ် အနီးကပ်ပစ်သတ်ခဲ့ခြင်းမှာ စစ်မြေပြင်မဟုတ်၊ လူသတ်ပွဲသာဖြစ်သည်ဟု အဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။
ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် PDF အဖွဲ့ဝင် ၂၆ ဦးသေဆုံးပြီး၊ ၅၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒီပဲယင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၅ ညနေပိုင်းတွင် အတည်ပြုခဲ့သည်။
သေဆုံးသူအများစုမှာ လူငယ်များဖြစ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ်တက်နေသည့် လူငယ် ၂ ဦး၊ တက္ကသိုလ်ဝင်တန်းတက်ရောက်နေဆဲ လူငယ် ၃ ဦး ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
ဆပ်ပြာကျင်းရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ဇူလိုင် ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ရာ ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ပြီး မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဖော်ပြထားသည်။
အထိနာခဲ့သော်လည်း နောက်မဆုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့က ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် အဆက်အသွယ်ကောင်းသည့်အဖွဲ့များက လက်နက်ရရှိရေး ကူညီသင့်သည်ဟု အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ခွေးတွေသည် အင်္ဂလိပ်၊ ဂျပန်ထက်တောင်ဆိုးတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်မို့ ပြည်သူအောက်ခြေတွေက ကြိုးစားပြီး ကာကွယ်နေပေမယ့် အထက်ပိုင်းတွေက အမြန်ဆုံး မပံ့ပိုးနိုင်ဘူးဆိုရင် ပြည်သူတွေအနေနဲ့က ဒါကြီးကို တာရှည်ဒဏ်ခံနိုင်မယ်လို့ မထင်ဘူး။ ဒီစနစ်ဆိုးက လွတ်မြောက်အောင် NUG ကြိုးစားပေးပါ” ဟု ဒီပဲယင်းမြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက်ဝင်ရောက်စီးနင်းလျက်ရှိရာ ထိုအထဲတွင် ဒီပဲယင်းမြို့နယ်လည်း ပါဝင်သည်။
မတ် ၁၈ တွင်လည်း ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တောရွာတွင် စစ်တပ်က တပ်စွဲထားရာ ထိုရွာများအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဇွန် ၈ ကလည်း ဒီပဲယင်းမြို့နယ်တောင်ဘက် ၁၀ မိုင်အကွာရှိ ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟု စွပ်စွဲ၍ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်စီးနင်းခဲ့ရာ ဒေသခံများနှင့် တိုက်ပွဲဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၁၃ က ဆပ်ပြာကျင်းရွာနှင့် ၂ မိုင်ခန့်အကွာ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာအုပ်ချုပ်ရေးမှူး၏ သမီးနှစ်ဦး အသတ်ခံရပြီးနောက် နောက်တစ်နေ့တွင် ဆပ်ပြာကျင်းနှင့် ဘုတ်ရွာတို့၌ စစ်တပ်က စစ်ကား ၁၆ စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည်။
ယင်းပစ်ခတ်မှုအတွင်း ဘုတ်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုအောင်ဆန်းသည် ရင်ဘတ်တွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကိုသိုက်ထွေးသည် ခါးနှင့် ဆီးခုံတို့၌ ကျည်ထိမှန်ကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ သည်။