သတင်း

အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဦးကိုနီကို လုပ်ကြံတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်သတ်ဖြတ်မှုက အစွန်းရောက် မျိုးချစ်စိတ်ကိန်းအောင်းနေတဲ့ တပ်မတော်အရာရှိဟောင်းအချို့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယနေ့ ရန်ကုန်မြို့၊ မူးယစ်ဆေးဝါးပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောဆိုခဲ့ပါတယ်။

မိမိတို့အနေနဲ့ တပ်မတော်ကထွက်တဲ့ အရာရှိတွေကို ခိုင်းစေသွားခဲ့တဲ့အပေါ်မှာ တပ်မတော်နဲ့ အစိုးရကြားမှာ ကွဲစေချင်တဲ့ ဆန္ဒလား၊ ရွေးကောက်ပွဲမတိုင်ခင် ဦးကိုနီပြောဆိုခဲ့တာတွေနဲ့ ရွေးကောက်ပွဲပြီး NLD ပါတီအနိုင်ရလာချိန်မှာ ဦးကိုနီက သူလုပ်နိုင်မယ့်အတိုင်းအတာကို မလုပ်နိုင်တဲ့အတွက် သူ့နောက်ကွယ်က အသိုင်းအဝိုင်းက လုပ်ကြံလေသလားကိုလည်း ထည့်သွင်းစဉ်းစားခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ကျနော်တို့ အမျိုးမျိုးချိန်ဆရပါတယ်။ တကယ်တမ်းစိစစ်တဲ့အခါမှာတော့ ဒီဟာဟာ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာပဲ။ အစွန်းရောက်တဲ့ မျိုးချစ်စိတ်တွေ ကိန်းအောင်ပြီးသွားတဲ့အချိန်မှာ လုပ်ကြံလိုက်တယ်လို့ ဖော်ထုတ်လို့ရတယ်” လို့ ၎င်းက သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုဖြစ်စဉ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့နဲ့ ပတ်သက်မှုမရှိဘဲ ယခင်က ဦးကိုနီရဲ့ ပြောကြားချက်တွေအပေါ်မှာသာ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြစ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနဲ့ ယခုအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဦးဇေယျာဖြိုး၊ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင်တို့ဟာ တပ်မတော်အရာရှိဟောင်းတွေဖြစ်ကြတာကြောင့် သာမန်ပေါင်းသင်းဆက်ဆံရေးသာရှိပြီး ၂၀၁၆ ခုနှစ်မှာ သူတို့ ၃ ဦး တာမွေမြို့နယ်က မော်ဒန်လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံစဉ် ဖေ့စ်ဘွတ် လူမှုကွန်ရက်တွေမှာ တွေ့နေရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုတွေကို လူငယ်သဘာဝအရ မကျေမနပ်ပြောဆိုဆွေးနွေးပြီး ဒီအမှုကို စတင်ရန် အကြောင်းဖန်ခဲ့ကြောင်း ဝန်ကြီးက ပြောပါတယ်။

လက်ရှိဖမ်းဆီးခံထားရသော ဦးဇေယျာဖြိုးဟာ ဦးအောင်ဝင်းခိုင်ကို ဦးကိုနီအား သတ်ရန်အတွက် ငွေကြေးထုတ်ပေးခဲ့သူဖြစ်ပြီး၊ ဦးအောင်ဝင်းခိုင်က ရာဇဝတ်မှုဖြင့် ၂၀၁၄ တွင် ထောင်မှ လွတ်လာသော သူ၏အစ်ကို ဗိုလ်ကြီးဟောင်း ဦးအောင်ဝင်းဇော်အား ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်မံတိုင်ပင်ညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။

သို့သော် ပြည်ခိုင်ဖြိုးအမတ် ဦးလင်းဇော်ထွန်းကို ခေါ်ယူစစ်ဆေးရာတွင် ယခုအမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ လွှတ်တော်အမတ်တစ်ဦးဟာ ယခုအမှုကို ကျူးလွန်နိုင်ဖွယ်ရာမရှိကြောင်း ထို့ပြင် ဦးဇေယျာဖြိုးကဲ့သို့ အခြားသော ထောက်လှမ်းရေးဟောင်းများလည်း ပါဝင်မှုမရှိကြောင်း သူကဆိုပါတယ်။

“တပ်မတော်ထောက်လှမ်းရေး လုပ်တဲ့လူတွေက တိုင်းပြည်သစ္စာဖောက်တဲ့ လူတွေမှ မဟုတ်တာကွ။ အဲဒီအတွက် ဒီလူတွေ သတ်စရာ ဘာအကြောင်းမှမရှိဘူး။ ဒီအပေါ်မှာလည်း ဘာမှလုပ်စရာမရှိဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဆိုပါတယ်။

ဦးဇေယျာဖြိုးဟာ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ. (မဘသ) ဆရာတော်တွေနဲ့ နီးစပ်မှုရှိတာကြောင့် ဒီအဖွဲ့က ယခုကိစ္စမှာ သူ့အပေါ် သြဇာလွှမ်းမိုးမှု ရှိနိုင်ပါသလားလို့ Myanmar Now က မေးမြန်းရာမှာတော့ ဆရာတော်သံဃာတော်များသည် ဗုဒ္ဓဘာသာသံဃာတော်များဖြစ်တဲ့အားလျော်စွာ သူတစ်ပါးအသက်ကို မသတ်ရဟူသော ပါဏာတိပါတကံကို စောင့်ထိန်းသူများဖြစ်တဲ့အတွက် ပါဝင်ပတ်သက်နိုင်စရာ မရှိဘူးလို့လည်း သူကဆိုပါတယ်။

“ထွက်ဆိုချက်တွေအရ သူ့ရဲ့မိဘတွေဟာ ဆရာအရင်း ဒကာအရင်းတွေ ဖြစ်နေတာ။ ဒါတွေလည်း ငါ့ညီတို့ သိကောင်းသိကြပါလိမ့်မယ်။ အခု ဖမ်းတော့လည်း သူဟာ တစ်နှစ်တစ်ခါ ဘုန်းကြီးဝတ်တယ်။ ကိုရင်ဝတ်တယ်။ အဲဒီလိုဝတ်တဲ့ အချိန်မှာ သွားဖမ်းရတာ။ သူကိုယ်တိုင်က ဘာသာရေးယုံကြည်တယ်။ သို့သော်လည်း ဘုန်းကြီးတွေက သတ်မယ်လို့ ဘယ်သူက ပြောမလဲ။ တို့ဗုဒ္ဓဘာသာက သတ်ဖို့လည်း မပါဘူး။ ဒါဟာ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားတော့ ငါ့ညီတို့ စဉ်းစားစေချင်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဆိုပါတယ်။

ယခုအမှုနဲ့ပတ်သက်ပြီး ဟောင်ကောင်နိုင်ငံက သံရုံးဝန်ထမ်းများအပြင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးချက်တွေအရ ကြိုတင်ကြံစည်ကာ ပြစ်မှုကျူးလွန်ကြသူများမှာ ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်သူ ဦးကြည်လင်း၊ ဦးဇော်ဝင်းဇော်၊ ထွက်ပြေးလွတ်မြောက်နေတဲ့ ဦးအောင်ဝင်းခိုင်နဲ့ ဦးဇေယျာဖြိုး၊ ကနဦး ငှားရမ်းစေခိုင်းခြင်းခံရသူ နဂါးလေး (ခ) အောင်ကြည်စိုး (ခ) အောင်နိုင်မြင့်တို့ ဖြစ်သည်ကို ကနဦးတွေ့ရှိရပြီး ဦးအောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ခဲ့မှသာ နောက်ဆက်တွဲ မည်သူတွေ ထပ်မံပါဝင်သလဲကို သိရှိရမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအပြင် ဟောင်ကောင်မှာရှိတဲ့ သံရုံးဝန်ထမ်းတွေကအစ ပေါ်ပေါက်ချက်တွေပေါ် မူတည်ပြီး ဘယ်သူကိုမှ မထိမ်ချန်ထားပါဘူး။ အားလုံးကို ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ပြီးဖြစ်ပါတယ်။

ဦးဇင်လင်းထွန်းကိုလည်း ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့တာကို ရှင်းလင်းတင်ပြအပ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဦးဇော်ဝင်းက ဆိုပါတယ်။

ဦးကိုနီကို ပစ်သတ်သူ ဦးကြည်လင်းဟာ ၂၀၀၃ ခုနှစ်တွင် ဘုရားခိုးမှု ၃ မှုဖြင့် ထောင်ဒဏ် ၂၇ နှစ်ကျခံခဲ့ရပြီး ၂၀၁၄ ခုနှစ် မှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူဖြစ်ကြောင်း၊ ဦးအောင်ဝင်းဇော်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၄ သင်တန်းဆင်းပြီး ၁၉၉၆ ခုနှစ်မှာ ဗိုလ်အဆင့်ဖြင့် ခြေလျင်တပ်ရင်း(ခလရ) ၂၂၂ ဟုမ္မလင်းမှ တပ်မတော်အက်ဥပဒေပုဒ်မ ၄၃(ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရသူဖြစ်သည့်အပြင် ၂၀၀၂ ခုနှစ်မှာ ဦးကြည်လင်းနဲ့အတူ ဘုရားခိုးမှု ၃ ခုဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရကာ ၂၀၁၄ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတို့ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဦးအောင်ဝင်းဇော်ကို ညွှန်ကြာစေခိုင်းသူ ၎င်းရဲ့ညီဖြစ်သူ ဦးအောင်ဝင်းခိုင်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၆ သင်တန်းဆင်းဖြစ်ပြီး တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ ၂၀၁၅ ခုနှစ်မှာ မိမိသဘောဆန္ဒနဲ့ နုတ်ထွက်ခဲ့သူဖြစ်ကြောင်း၊ ငွေထုတ်ပေးသူ ဦးဇေယျာဖြိုးဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၈ သင်တန်းဆင်းဖြစ်ပြီး တပ်မတော်သတင်းစုဆောင်းရေးအတတ်သင်ကျောင်းမှာ ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ တပ်မတော်က အငြိမ်းစားပေးခြင်းကို ခံလိုက်ပြီးနောက် ZYP မိုဘိုင်းဖုန်းအရောင်းဆိုင်ကုမ္ပဏီ၊ AIS ကုမ္ပဏီ၊ 38 – Group ကုမ္ပဏီနဲ့ ရွှေဝါဖြိုးကုမ္ပဏီတို့ကို ထူထောင်ကာ အစုရှယ်ယာဝင်အဖြစ် ဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဦးဇေယျာဖြိုးရဲ့ ကမ်းလှမ်းချက်အရ ဦးအောင်ဝင်းဇော်ဟာ ၂၀၁၆ ခုနှစ်မှာ ရွှေဝါဖြိုးကုမ္ပဏီကို ပူးပေါင်းတည်ထောင်ပြီး မန်နေဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်ဝင်းဇော်ဟာ ၂၀၁၆ ခုနှစ်မေလအတွင်းမှာ ဘီလင်းမြို့နယ်၊ တောင်စွန်းရဲဘက်စခန်းမှာ ရင်းနှီးခဲ့သူ တောင်ဒဂုံမြို့ နယ်က နဂါး(ခ)အောင်နိုင်မြင့်ကို ကျပ်သိန်း ၂၀၀ နဲ့ ကျပ် ၆၄ သိန်းတန် လိုင်စင်မဲ့ကားတစ်စီးနဲ့ ဦးကိုနီကို စကေဘာဖြင့် ထိုးသတ်ရန် ညှိနှိုင်းပေးအပ်ခဲ့ပေမယ့် အဆင်မပြေပဲ နဂါးက ထွက်ပြေးတိမ်းရှောင်နေခဲ့တာကြောင့် နောက်ဆုံး ဦးကြည်လင်းကို ကျပ်သိန်း ၂၀၀ တန် ကားတစ်စီးနဲ့ ဦးကိုနီကို သတ်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Show More

Related Articles

Back to top button