သတင်း

စစ်ကောင်စီယာဉ်တန်းကို ကောလင်း PDF ချုံခိုတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၄) ညနေပိုင်းက ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီ ​သေဆုံးခဲ့​​ကြောင်း ဒေသခံအချို့က ပြောသည်။

ကောလင်း – ရွှေဘိုလမ်းပိုင်း ကုက္ကိုလ်ကုန်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စစ်ကားသုံးစီးကို ဒီဘက်က ဖြတ်တိုက်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ ကောလင်း PDF က လေးယောက်ကျတယ် ပြောတယ်။ နှစ်ယောက်ကတော့ အတည်ပြုလို့ရတယ်။ ဟိုဘက်ကလည်း ၂၀ လောက် ကျတယ်လို့ ကြားတယ်၊ ခန့်မှန်းပေါ့လေ” ဟု ကောလင်းမြို့ခံတစ်ဦးက ပြောသည်။

ကျဆုံးခဲ့သည့် PDF တပ်ဖွဲ့ဝင်များအနက် နှစ်ဦးသည် ကောလင်းမြို့ပေါ်မှဖြစ်ကြောင်း ၎င်းက ဆက်​ပြောသည်။

ကောလင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဇော်အောင်ကလည်း ယမန်နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ​ကျော် ​သေဆုံးခဲ့​ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင်​ ရေးသားထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု အရေအတွက်နှင့်ပတ်သက်၍  Myanmar Now က သီးခြားအတည်ပြုချက် မရသေးပေ။

ထို့ပြင် ပြည်သူ့ဘက်မှ ၃ ဦး သေဆုံးသွားပြီး ထိုကျဆုံးသွား​သော အာဇာနည် ၃ ဦးကို အလေးပြုကြောင်းလည်း ဦးမျိုး​ဇော်​အောင်က ​​ဖော်ပြထားသည်။

“ကိုယ့်ညီလိုလည်းဖြစ်၊ အားကိုးရသူလည်း ဖြစ်တဲ့သူတွေ ပါသွားတာ ရင်ထဲနာကျင်ရပါတယ်။ တော်လှန်ရေးအောင်မြင်သည်ထိ မမှိတ်မသုန် ထမ်းရွက်ပါမယ်” ဟု ဦးမျိုးဇော်အောင်က ​​ရေးသားသည်။

ကောလင်း-ရွေဘိုလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားရခြင်းမှာ ဇူလိုင် ၂ရက်က ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာအနီး တိုက်ပွဲတွင် အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် တပ်ကူပို့သည့် စစ်ကားများကို ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံက ပြောသည်။

ဇူလိုင် ၂ရက် သစ်ဆိမ့်ကုန်းတွင် ပစ်ခတ်တိုက်ခိုက်စဉ် ကောလင်းမြို့ပေါ်၌လည်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် နေအိမ်တစ်လုံးသို့ ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့ခံများက ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ကောလင်းမြို့ပေါ်တွင် ပစ်ခတ်သည့်နေ့တွင် ကောလင်း PDFက ပြည်သူလူထုများအား မလိုအပ်ဘဲ လမ်းပြင်မထွက်ရန်နှင့် အိမ်ထဲ၌သာ လုံခြုံစွာနေထိုင်ရန် အသိပေးချက်ထုတ်ပြန်ခဲ့သည်။ လူမှုကူညီရေးအသင်းကားများကို စစ်ကောင်စီက အသုံးပြုနေ၍ အိမ်စီးကားများ မှန်ချမောင်းနှင်ရန်လည်း အသိပေးခဲ့သည်။ သို့ရာတွင် ဇူလိုင် ၂ နှင့် ၄  တိုက်ပွဲဖြစ်စဉ်များအကြောင်းကို PDFက  သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

ကောလင်းမြို့နယ်၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် ကောလင်း PDF နှင့်အတူ ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA) မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ကောလင်းမြို့နယ်တွင်သာမက စစ်ကိုင်းတိုင်း ကသာ၊ ထီးချိုင့် မြို့နယ် တိုက်ပွဲများတွင်လည်း PDF နှင့် KIA တို့ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း ကသာနှင့် ထီးချိုင့် မြို့နယ် PDF တို့က သတင်းထုတ်ပြန်ထားသည်။

KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIO ဗဟိုက ညွှန်ကြားထားခြင်းမရှိသော်လည်း အောက်ခြေ KIA တပ်များက PDF များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိနိုင်ကြောင်း ပြောကြားထားသည်။

စစ်ကိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ဝန်းကျင် မြို့နယ်များသည် KIA လှုပ်ရှားနယ်မြေများနှင့် နီးကပ်စွာ တည်ရှိသည်။

ကောလင်းဒေသအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်များ၊ စစ်ယာဉ်တန်းများကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက မကြာခဏ  တိုက်ခိုက်၊​ တော်လှန်​နေကြသည်။

Show More

Related Articles

Back to top button