
မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများမှ နိုင်ငံခြားသားအရာရှိကြီးများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံပြင်ပထွက်ခွာခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ထားသည်ဟု ပြည်တွင်း၌ လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီရင်းမြစ်များကို ကိုးကားလျက် Reuters သတင်းဌာနက ရေးသားထားသည်။
စစ်ကောင်စီ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) က ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းတွင် လျှို့ဝှက်အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ဆက်သွယ်ရေးကုမ္ပဏီကြီးများရှိ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားအရာရှိကြီးများအနေဖြင့် နိုင်ငံတွင်းမှထွက်ခွာရန် ခွင့်ပြုချက်ယူရမည်ဖြစ်သည်ဟု ဆိုသည်။
ထို့နောက် တစ်ပတ်အကြာတွင် ကြားဖြတ်ထောက်လှမ်းရေးနည်းပညာ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီများကို စစ်ကောင်စီက ဒုတိယမြောက်စာတစ်စောင်ပေးပို့ခဲ့သည်ဟု သိရသည်။
ဆက်သွယ်ရေးကုမ္ပဏီများထံ စစ်ကောင်စီက ပေးပို့သည့် အမိန့်ညွှန်ကြားချက်များကို ကြည့်ရှုခွင့်မရခဲ့ကြောင်းလည်း ယနေ့ (ဇူလိုင် ၅) နံနက်ပိုင်း Reuters သတင်းက ဆိုသည်။
ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲများ ခွင့်ပြုချက်မရှိဘဲ နိုင်ငံပြင်ပထွက်ခွာခြင်းမပြုရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တော့ အဲဒီကိစ္စ သိပ်မသိဘူး” ဟု ပြောသည်။
ထို့ပြင် မိုဘိုင်းဖုန်းသုံးစွဲသူများကို ကြားဖြတ်ထောက်လှမ်းရန် ဆက်သွယ်ရေးကုမ္ပဏီများကို စစ်ကောင်စီက ဖိအားပေးနေခြင်းနှင့် ပတ်သက်၍လည်း “ဟိုးအရင်ကတည်းက ဆက်သွယ်ရေးဥပဒေအရ ဒါတွေလုပ်နေတာပဲ။ တယ်လီနောတောင်မှ ပြီးခဲ့တဲ့နှစ်က ဒါနဲ့ပတ်သက်ပြီး ကြေညာချက်တွေဘာတွေ ထုတ်သေးတာပဲ” ဟု ဦး ဦးမျိုးဆွေက ပြောသည်။
မိုဘိုင်းဆက်သွယ်ရေးအသုံးပြုသူများကို နောက်ယောင်ခံထောက်လှမ်းရေးအတွက် ဖုန်းခေါ်မှု၊ စာတိုပေးပို့မှုနှင့် ဝက်ဘ်ဆိုက်များစောင့်ကြည့်ရေးအတွက် အာဏာပိုင်များကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် ဆက်သွယ်ရေးကုမ္ပဏီများကို စစ်ကောင်စီက ယခင်ကအတည်းက ညွှန်ကြားထားပြီးဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိဟုဆိုသည်။
အီလက်ထရောနစ်နည်းပညာအားဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်းများကို စစ်ကောင်စီက မည်သည့်အခါမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းရန် စိုင်းပြင်းခဲ့သည်။
အဆိုပါဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းဖြစ်ပါက ‘တည်ငြိမ်းအေးချမ်းရေး’ ကို နှောင့်ယှက်ဖျက်ဆီးသည့် မည်သည့်ရေးသားချက်ကိုမဆို ပိတ်ပင်ရန် သို့မဟုတ် ဖြုတ်ချရန် ဆက်သွယ်ရေးကုမ္ပဏီများက လိုက်နာဆောင်ရွက်ပေးရမည်ဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းများကို စိတ်တိုင်းကျ ကြားဖြတ်ထောက်လှမ်းနိုင်ရန် ‘နိုင်လွတ်လုံ’ ဟု အတိုကောက်ခေါ်ဝေါ်သည့် ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ’ ကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြင်ဆင်ခဲ့သည်။
စောင့်ကြည့်ထောက်လှမ်းရေးကိရိယာများတပ်ဆင်ရေး အပြီးသတ်အကောင်အထည်ဖော်ရန် စစ်တပ်အရာရှိများက ပိုမိုဖိအားပေးလာပြီးနောက် ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲများ နိုင်ငံပြင်ပထွက်ခွာခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။
အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ခုအရ ထိုသို့ခရီးသွားလာခွင့် ပိတ်ပင်ခြင်းသည် ထောက်လှမ်းရေးနည်းပညာများ အသက်ဝင်လာစေရေး အပြီးသတ်ဆောင်ရွက်ရန် နည်းပညာကုမ္ပဏီများကို ဖိအားပေးခြင်းဖြစ်ကာ ထိုသို့ညွှန်ကြားရသည့် အကြောင်းရင်းကိုမူ စစ်ကောင်စီက ဖော်ပြခြင်းမရှိပေ။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် အင်တာနက်အသုံးပြုမှု ပိတ်ပင်ခဲ့ပြီး ယနေ့အချိန်အထိ အပြည့်အဝ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးဘဲ ပိတ်ပင်ရမည့် ဖုန်းနံပါတ်များ၊ ဝက်ဘ်ဆိုက်လိပ်စာများစာရင်းကို ဆက်သွယ်ရေးကုမ္ပဏီများထံ ပုံမှန်ပေးပို့လျက်ရှိသည်ဟု သိရသည်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက်များကြောင့် ပြည်တွင်းရှိ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်ထွက်ခွာလျက်ရှိသည့်နည်းတူ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍတွင်လည်း မသေချာမရေရာများရှိလာသည်။
ဆုတ်ယုတ်လာသော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရန် သင့်မသင့် အကဲဖြတ်သုံးသပ်လျက်ရှိသည်ဟု နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီအုပ်စုကြီးက ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီး သုံးစွဲသူ ၁၈ သန်းကျော်ရှိသည့် တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချရန် ပြင်ဆင်နေသည်ဟုလည်း နိုင်ငံတကာသတင်းများက ဆိုသည်။