
ဆန္ဒပြပြည်သူများကို စစ်ကောင်စီက ရက်စက်စွာဖြိုခွင်းဖူးသည့် ပဲခူးမြို့အတွင်း ယနေ့ (ဇူလိုင်၄) နံနက်ပိုင်းတွင် နာမည်ကျော် သတင်းပေး(ဒလန်) တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ဟံသာဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်လျှပ်စစ်ရုံးတို့တွင် ဗုံးပေါက်ကွဲခဲ့၍ လျှပ်စစ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရသွားသည်။
အသက် ၅၀ ဝန်းကျင် ကျော်ကျော်(ခ) ကျော်စိုးထွဋ်ကို ဆိုရှယ်လစ်ရပ်ကွက် (၉) လမ်းထိပ်တွင် နံနက် ၈ နာရီခန့်က ဆိုင်ကယ်ဖြင့် ရောက်လာသူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်နှစ်ချက် ပစ်သွား၍ ဝမ်းဗိုက်ထိမှန်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။
“သူက ပလက်ဖောင်းကို တိုက်ပြီး လဲသွားတယ်။ သူကလည်း ဆိုင်ကယ်မောင်းနေတယ်။ ဘေးနားကနေ ပစ်သွားတာ”ဟု ၎င်းက ပြောသည်။
ဒဏ်ရာရသွားသည့် သူ့ကို ဆေးရုံသို့ တင်ပို့ပြီးနောက် သေဆုံးသွားသည်ဟု ဆိုသည်။
ပစ်သတ်ခံရသူ ကျော်ကျော်(ခ) ကျော်စိုးထွဋ်သည် တပ်ထွက်တစ်ဦးဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်တွင် ပဲခူးမြို့ ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ဖူးသော်လည်း ရှုံးနိမ့်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
သို့သော် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် သတင်းပေးတစ်ဦးအဖြစ် ရပ်တည်လာကာ လူအသေအပျောက်များလွန်း၍ မည်မျှသေဆုံးသည်ကို အတည်ပြုရန်ပင် ယနေ့တိုင်ခက်ခဲနေသည့် ဧပြီ ၉ မဂ္ဂတစ်ခံတပ်ဖြိုခွင်းရာတွင် ကျော်ကျော်(ခ) ကျော်စိုးထွဋ်က စစ်ကောင်စီတပ်ကို ပေါ်ပေါ်ထင်ထင်ကူညီခဲ့ကြောင်း ဒေသခံအချို့က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကျော်ကျော်(ခ) ကျော်စိုးထွဋ် သေနတ်ဖြင့် ပစ်သတ်ခံရချိန်နှင့် မရှေးမနှောင်းတွင်ပင် ဟံသာဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးတို့ ဗုံးပေါက်ကွဲခဲ့သည်။
အဆိုပါဖြစ်စဉ်များပေါ်ပေါက်ပြီးနောက် စစ်ကောင်စီက အနီးအနားကို ပိတ်ဆို့၍ ပိုက်စိပ်တိုက်ရှာဖွေသည်ဟု သိရသော်လည်း နောက်ဆက်တွဲအခြေအနေကို စုံစမ်း၍မရသေးပါ။
ယနေ့ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး) တာဝန်ရှိသူတစ်ဦးကမူ ထိုသို့တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း Myanmar Now ကို အတည်ပြုသည်။
“အဓိကကတော့ စစ်အာဏာရှင်ကနေမှ လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ စကားအတိုင်းရယ် ပြည်သူတွေကို မလုံခြုံအောင်လုပ်နေတဲ့သူတွေကို စံပြအနေနဲ့ ပထမဆုံးအကြိမ် ရှင်းလင်းတာဖြစ်တယ်။ ဖောက်ခွဲမှုတွေကို လုပ်ဆောင်တာဖြစ်တယ်”ဟု ၎င်းက တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။
ဒလန်များနှင့် ပတ်သက်၍ ဒေသခံတို့ ပေးပို့လာသည့် သတင်းအချက်အလက်များကို စိစစ်မည့်အဖွဲ့၊ စုံစမ်းထောက်လှမ်းသည့်အဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က ဖွဲ့စည်းထားပြီးဖြစ်ကာ စာရင်းဇယားများပြုစုထားပြီးဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
“သေချာပြီဆိုတော့မှ ဒီဒလန်ကို ရှင်းလင်းတယ်။ ချက်ချင်း သတင်းရရချင်းကို တန်းလုပ်တာတော့ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ဒေါက်တိုင်များကို ပစ်မှတ်ထားသည့် သတ်ဖြတ်မှု၊ ဖောက်ခွဲတိုက်ခိုက်မှုများကို ပြုလုပ်ရာတွင် အများပြည်သူမထိခိုက်စေသည့် နည်းလမ်းကိုသာသုံးရန် စီမံထားသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)ကပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် နိုင်ငံအနှံ့မြို့ရွာများထဲတွင် ပဲခူးမြို့လည်းပါဝင်ပြီး ဆန္ဒပြပြည်သူများကို စစ်တပ်က လက်နက်ကြီးပါသုံး၍ ပစ်ခတ်ဖြိုခွင်းသည်အထိ ဖြစ်ခဲ့ရသည်။
ယင်းနောက်တွင် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လူငယ်များက ဒေသကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး စစ်ကောင်စီကို အထောက်ကူပေးနေသည့် ဒေါက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ကြေညာထားပြီးဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီကမူ ထိုလုပ်ရပ်များသည် ပြည်သူကို ထိခိုက်စေသည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။