
ဆုတ်ယုတ်လာသော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသည့် အလားအလာများကို အကဲဖြတ်သုံးသပ်လျက်ရှိသည်ဟု နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီအုပ်စုကြီးက ယနေ့ (ဇူလိုင် ၂) တွင် ထုတ်ပြန်ကြေညာသည်။
၂၀၁၄ ခုနှစ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရှိခဲ့ပြီးနောက် ပြည်တွင်း၌ သုံးစွဲသူ ၁၈ သန်း ကျော်ကို ဝန်ဆောင်မှုပေးနေသော တယ်လီနောမြန်မာ၏ အနာဂတ်သည် နိုင်ငံတွင်းဖြစ်ပေါ်နေသော အခြေအနေများပေါ် မူတည်ကာ အကဲဖြတ်သုံးသပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာသော စီးပွားရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာအခြေအနေများ၊ ပျက်စီးယိုယွင်းလာသော လုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ တယ်လီနောအုပ်စုက မေလဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၇၈၂ သန်း အရှုံးစာရင်းပြခဲ့သည်။
တယ်လီနောသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းကို ပြန်လည်ရောင်းချရန်စီစဉ်နေကြောင်း တယ်လီကွန်းနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖော်ပြသည့် TMT Finance ၏ အစီရင်ခံစာကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့သည်။
တယ်လီနောမြန်မာကို စျေးနှုန်းအရှင်ထားကာ သီးသန့်လေလံစနစ်ဖြင့် ရောင်းချရန် Citigroup အောက်ရှိ Citi ငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီကို ငှားရမ်းထားကာ နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများကို ရင်ဆိုင်ရန် မရှိသည့် တရုတ်ဝယ်လက်တချို့ကို ဖိတ်ကြားထားသည်ဟု ရိုက်တာသတင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည့် ကာတာအခြေစိုက် အူရီဒူးဆက်သွယ်ရေးကုမ္ပဏီကလည်း တယ်လီနောမြန်မာကို ဝယ်ယူရန် စိတ်ဝင်စားနေပြီး ဘဏ္ဍာရေးဆိုင်ရာအကြံပေးကို ရှာဖွေနေသည်ဟု ဆိုသည်။
မိခင်ကုမ္ပဏီဖြစ်သော တယ်လီနောအုပ်စုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီး ၂၀၂၀ တွင် အသုံးပြုသူပေါင်း ၁၈၇ သန်းကျော်ရှိကာ နှစ်စဉ်ရောင်းအား အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ ရှိသည်ဟု တယ်လီနောအုပ်စု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဒီဂျစ်တယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ခုဖြစ်သည့် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) ၏ အကြံပေး Oliver Spencer ကမူ တယ်လီနောအုပ်စု မြန်မာနိုင်ငံမှ ထွက်ခွာသွားပါက မြန်မာပြည်သူများ၏ အင်တာနက်လွတ်လပ်မှုအခြေအနေ ပိုမိုဆိုးရွားသွားလိမ့်မည်ဟု ဆိုသည်။
“တယ်လီနော ထွက်ခွာသွားရင် သူတို့တွေရရှိနေတဲ့ အကန့်အသတ်နဲ့ လွတ်လပ်မှုဟာလည်း ထွက်ခွာသွားမှာ ဖြစ်ပါတယ်” ဟု Oliver Spencer က Myanmar Now ကို ပြောသည်။
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများအနက် ဒီဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအရှိဆုံးအော်ပရေတာဖြစ်ရာ ယင်းနေရာတွင် တရုတ်နှင့် ရုရှားကုမ္ပဏီများ ‘အစားထိုး’ နိုင်လိမ့်မည် မဟုတ်ဟု ၎င်းက ဆိုသည်။
“တယ်လီနောဟာ ဆက်သွယ်ရေးအော်ပရေတာတွေ၊ အော်ပရေတာတွေကာကွယ်စောင့်ရှောက်ပေးရမယ့် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကိုင်တွယ်စီမံတဲ့နေရာမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်” ဟု Oliver Spencer က ပြောသည်။
မြန်မာစစ်တပ်က လက်လှမ်းမီနေသော စုံစမ်းထောက်လှမ်းနည်းပညာများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများရှိနေချိန်တွင် တရုတ်နှင့် ရုရှား ဆက်သွယ်ရေးကုမ္ပဏီများက ဝင်ရောက်နေရာယူလာပါက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်ဟု ၎င်းက ဆိုသည်။