အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်တွင် ရက်ပိုင်းအတွင်း ဒလန်ဟု နာမည်ကြီးသူ ၄ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကပိုင်ရွာနှင့် သီးကုန်းရွာတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ၄ ဦး ယခုရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

ကပိုင်ရွာမှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် ကိုငမင်းနှင့် ကိုမြင့်လှိုင်ဆိုသူ နှစ်ဦးမှာ ဇွန် ၂၉ ရက် ညပိုင်းက မုံရွာ − ယာကြီး − ကလေးဝကားလမ်း မိုင်တိုင် ၂၆ အနီးတွင် အသတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“သူတို့က ချောင်းမဘက်ကနေ ပတ်ပြီး မုံရွာကို သတင်းပေးဖို့အသွား လမ်းမှာ အသတ်ခံလိုက်ရတာ။ ကလေး – ယာကြီးလမ်းက ၁၀ မိုင်ကျော်လောက် ဝေးတယ်။ အသတ်ခံရတဲ့နေရာမှာတင်ပဲ သင်္ဂြိုဟ်လိုက်တာလို့ ကြားတယ်။ ရွာကလူတွေသွားကြည့်တော့ ပြာပုံပဲ တွေ့လိုက်ရတာ”ဟု သီကုန်းရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ကပိုင်ရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟု သတင်းထွက်နေသူတစ်ဦးဖြစ်သည့် ကိုရန်နိုင်ဆိုသူမှာလည်း ဇွန် ၂၈ ရက် ညပိုင်းက နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

“ရန်နိုင်ဆိုတဲ့ ပျူစောထီးဆိုရင် သစ်ခိုးထုတ်တဲ့ ပွဲစားပဲဗျ။ စစ်တပ်နဲ့ ပေါင်းပြီးတော့ အလုပ်လုပ်တဲ့သူဗျ။ ကျန်တဲ့ သုံးယောက်ကတော့ စစ်တပ်နဲ့ ပေါင်းပြီး အတူတူနေ၊ အတူတူပေါင်းပြီးတော့ အတူတူလုပ်တဲ့သူတွေ”ဟု သီးကုန်းရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ကပိုင်ရွာနှင့် ကပ်လျက်ရှိသည့် သီးကုန်းရွာတွင် ဒလန်ဟု နာမည်ထွက်နေသူ ဦးကျောက်လုံးဆိုသူမှာ ဇွန် ၂၆ ရက်ညပိုင်းက နေအိမ်အတွင်း လူတစ်စုက ဓားဖြင့် ဝင်ခုတ်သဖြင့် သေဆုံးခဲ့သည်။

အဆိုပါ အသတ်ခံရသူ ၄ ဦးစလုံးမှာ စစ်တပ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူများဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သူများ၏ သတင်းအချက်အလက်များကို စစ်တပ်ထံ ပေးပို့ခြင်း၊ စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ချိန်တွင် အစားအသောက်ကျွေးမွေး ဧည့်ခံလေ့ရှိသူများဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။ 

ဧပြီလအတွင်းက ကပိုင်ရွာ၌ စစ်တပ်က နှစ်ကြိမ်တိုင် တပ်စွဲခဲ့ပြီး အနီးအနားကျေးရွာများကို ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်ဖျက်ဆီးခြင်းများ ရှိခဲ့သည်။

ကပိုင်ရွာဒေသခံများက အိုးအိမ်စွန့်ပစ်ကာ အထိတ်တလန့်ဖြင့် ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် စစ်တပ်က အိမ်များကို မွှေနှောက်ဖျက်ဆီး၍ ကြက်၊ ဝက်များ သတ်ဖြတ်စားသောက်ကာ တန်ဖိုးရှိသည့် ရွှေတိုငွေစအပါအဝင် ဆိုင်ကယ်၊ စက်ဘီးများ ယူဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ ဒေသခံအများစုက ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် စစ်တပ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူ လူနည်းစုသာ ကျေးရွာအတွင်း ဆက်လက်နေထိုင်ရစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ဂန့်ဂေါမြို့နယ်နိမိတ်အစပ်တွင်ရှိသည့် အလောင်းတော်ကဿပ အမျိုးသားသစ်တောဥယျာဉ်တွင် အာဏာသိမ်းပြီးချိန်မှစ၍ သစ်လုပ်ငန်းရှင်များ၊ သစ်ပွဲစားများမှ သစ်ခိုးထုတ်မှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်သူ ၄ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကိုင်းတိုင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ အားကောင်းခဲ့သည့် ယင်းမာပင်၊ ကနီ၊ မင်းကင်းမြို့နယ်တို့မှ ကျေးရွာများကို စစ်ကောင်စီတပ်များက ဧပြီလဆန်းပိုင်းမှစ၍ ပစ်မှတ်ထားပြီး တိုက်ခိုက်လာသည့်အတွက် ဒေသခံများက အမဲလိုက်ရာတွင် အသုံးပြုသည့် လက်လုပ်တူမီးသေနတ်များဖြင့် ခုခံတော်လှန်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။

ဧပြီလနှင့် မေလအတွင်း စစ်ကောင်စီတပ်နှင့် အပြင်းအထန် တိုက်ပွဲများဖြစ်ခဲ့သောကြောင့် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်များတွင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button