သတင်း

မြဝတီတွင် BGF အချင်းချင်းပစ်ခတ်ပြီး နှစ်ဦးသေဆုံး

မြန်မာ – ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ (ဇူလိုင် ၁) နံနက်အစောပိုင်း၌ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။

“အမှတ် (၁) ချစ်ကြည်ရေးတံတားအောက်မှာ BGF ကတုတ်ကျင်းရှိတယ်။ အဲဒီကတုတ်ထဲမှာဖြစ်တာ။ ကျွန်တော်ကြားတာက တပ်စိတ်မှူးနဲ့ တပ်သားနှစ်ယောက်နဲ့ စကားများကြတာ။ တပ်စိတ်မှူးက တပ်သားနှစ်ယောက်ကို ပစ်ထည့်လိုက်ပြီး သူ့ကိုယ်သူ Suicide (သတ်သေ)လုပ်သွားတယ်” ဟု မြဝတီမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချစ်ကြည်ရေးတံတား(၁) တွင် ယနေ့ နံနက် ၁ နာရီခွဲခန့်အချိန်က လုံခြုံရေးတာဝန်ကျ နယ်ခြားစောင့်တပ်ရင်းမှ တပ်ကြပ်ကြီး အဲဝါသည် တပ်သား စောမောင်အေးနှင့် စကားများရန်ဖြစ်ခဲ့ပြီး တပ်သား စောမောင်အေးနှင့် တပ်သားအောင်ကိုတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံမှ ရရှိသည့် ရဲကြေးနန်းစာအရ သိရသည်။ 

တပ်သား စောမောင်အေးမှာ ပစ်ခတ်ခံရသည့် နေရာမှာပင် သေဆုံးခဲ့ကာ တပ်သား အောင်ကိုမှာ ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်သူ တပ်ကြပ်ကြီးအဲဝါသည် သေနတ်ပြောင်းကို ပါးစပ်ဖြင့်ငုံ၍ မိမိကုယ်ကို သေကြောင်းကြံစည်ခဲ့သည်ဟု ပါရှိသည်။ 

တပ်ကြပ်ကြီးအဲဝါ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် တပ်သား အောင်ကိုအား မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီကြား တိုက်ပွဲများတွင် ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် နယ်ခြားစောင့်တပ်က စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

မေလအတွင်းက KNU တပ်မဟာ ၅ ထိန်းချုပ်ရာ နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ BGF နှင့် KNLA တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့ကလည်း မြ၀တီမြို့နယ်၊ ဖလူးကျေးရွာ၌ စစ်တပ်နှင့် BGF ပူးပေါင်းအဖွဲ့သည် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် DKBA ခွဲထွက်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ကရင်လက်နက်ကိုင်လေးဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ KNU/KNLA−PC (ငြိမ်းချမ်းရေးကောင်စီ)၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ဇွန်လလယ်ပိုင်းက KNU ဌာနချုပ်၌ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ရာတွင် ကရင်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခမဖြစ်ပွားရေး ဆွေးနွေးခဲ့ကြသည်။ 

ယင်းဆွေးနွေးပွဲသို့ KNU/ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီဦးဆောင်သည့် ကိုယ်စားလှယ်များ၊ BGF မှ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဒုစစ်ဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

Show More

Related Articles

Back to top button