အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းမူနှင့် ရခိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံး 

ယမန်နေ့ညအချိန်က စစ်ကိုင်းတိုင်း ကျေးလက်ဒေသကို ဗုံးကြဲချခဲ့စဉ် သုံးနှစ်ကလေးတစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးသွားကြပြီး ရခိုင်ဒေသကို ယနေ့ မွန်းလွဲက ဗုံးကြဲစဉ် ကလေး အပါအဝင် ကိုးဦးထက်မနည်း သေဆုံးသွားကြသည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညနှင့် ယနေ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးများအပါအဝင် လူ ၁၉ ဦးခန့် သေဆုံးသွားကြပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း စုံစမ်းသိရသည်။ 

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) ညက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အင်ဂျင်တပ်လေထီးနှစ်စီးက လေကြောင်းတိုက်ခိုက်ခဲ့ရာ သုံးနှစ်အရွယ် မိန်းကလေးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ 

မြင်းမူမြို့ အရှေမြောက်ဘက် မိုင် ၂၀ ခန့်အကွာ ရွှေကျောင်းကန်ရွာကို မုံရွာမြို့အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ တက်လာသော အင်ဂျင်တပ်လေထီး နှစ်စီးသည် ည ၇ နာရီကျော်ဝန်းကျင်တွင်   ရွာတောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဗုံးသီး သုံးလုံး ကြဲချခဲ့သည်။ 

ရွာမြောက်ဘက် ဆီစက်ဝင်းထဲ ဗုံးကျရောက်ပေါက်ကွဲပြီး အစုလိုက်အပြုံလိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

“ရွှေကျောင်းကန်ရွာပေါ်အရောက်မှာ အခုထိခိုက်များတဲ့ ဆီစက်ဝင်းထဲမှာ ပြည်သူတွေ ထွက်ကြည့်ကြတာ၊ မကြဲလောက်ဘူးဆိုပြီး။ ဖြစ်ဖြစ်ချင်း ကိုးဦးသေဆုံးပြီး ညတွင်းချင်း တစ်ဦးထပ်ဆုံးတယ်” ဟု မြင်းမူ မြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြေပြင်တိုက်ပွဲမရှိဘဲ ရွှေကျောင်းကန်ရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် အသက် သုံးနှစ်အရွယ် တစ်ဦး၊ အသက် ၃၀ ကျော်အရွယ် လေးဦး၊ အသက် ၄၅ မှ  ၆၅ နှစ်ကြား ငါးဦးပါဝင်ကြောင်း ပကဖ က ဆိုသည်။ ထိခိုက်ဒဏ်ရာရသူ ငါးဦးတွင် အသက် ခုနစ်နှစ်နှင့် လေးနှစ်အရွယ်မိန်း ကလေးနှစ်ဦး ပါဝင်ကြောင်း သိရသည်။  

“မြို့နယ်အတွင်းလေကြောင်းအန္တရာယ်အသိပညာပေး၊ ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းများ အားနည်းမှုနဲ့ ပြည်သူတွေပေါ့ဆမှုလို့မြင်မိပါတယ်”ဟု မြင်းမူမြို့နယ် ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

မြင်းမူနှင့် အရာတော်မြို့နယ် နယ်စပ်ရှိ ရွှေချောင်းကန်ရွာသည် အိမ်ခြေ သုံးရွာခန့်ရှိပြီး အများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ညက လေကြောင်း တိုက်ခိုက်မှုအပြီး အပျက်အစီးများ။ (ဓာတ်ပုံ – ပေးပို့) 

ပုဏ္ဏားကျွန်း၊ ယိုးငူရွာစျေးကို လေကြောင်းဗုံးကြဲ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာ စျေးကို ယနေ့ (ဖေဖော်ဝါရီလ၂၄  ရက်) ၊ မွန်းလွဲ၂ နာရီခန့်က လေယာဉ်ဖြင့်ဗုံးကြဲခံရပြီး ကလေးအပါအဝင် လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

Myanmar Now က ရရှိထားသည့်ဓာတ်ပုံမှတ်တမ်းများတွင် မြေပြင်ချထားသော ရုပ်အလောင်း ကိုးလောင်း ခန့်တွေ့ရပြီး အမျိုးသမီးအများစုနှင့် ကလေးငယ် အနည်းဆုံး သုံးဦးပါဝင်သည်ကို တွေ့ရသည်။

“ဗုံးနှစ်လုံးကြဲသွားတယ်။ အသေအပျောက်က ဒီထက်များနိုင်တယ်။ အတိအကျမသိရသေးဘူး”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆိုသည်။

ယိုးငူရွာသည် ရန်ကုန်-စစ်တွေကားလမ်းမဘေးနားရှိ ရွာကြီးတစ်ရွာဖြစ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်များလည်း နေထိုင်ကြသဖြင့် လူနေထူထပ်သည့်ရွာဟု သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အအုံများ မီးလောင်ခဲ့ပြီး လူအများအပြား ပိတ်မိနေကြကြောင်း ၊ မီးကျွမ်းနေသောရုပ်အလောင်းများ တွေ့ရကြောင်း ဒေသခံများက ဆိုပြီး သေဆုံးသူ ထပ်တိုးလာနိုင်ကြောင်း သိရသည်။

လက်ခံရရှိထားသည့် ရုပ်သံများတွင် ဆိုင်ခန်းများမီးဟုန်းဟုန်းတောက်လောင်လျက်ရှိပြီး ကုန်ပစ္စည်းများ ပြန့်ကြဲနေသည်။ မီးလောင်မှုကြားထဲမှ ရုပ်အလောင်းများကို ဒေသခံများဆွဲထုတ်နေကြပြီး “လူတွေပါသွားပြီ ၊ ဆွဲထုတ် လို့မရတော့ဘူး။ ဒီလောက် မီးလောင်နေတာမှာ”ဟု ဒေသခံတစ်ဦးက ပြောနေသည်ကို တွေ့ရသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသော ကျောက်ဖြူမြို့နယ်နှင့် အနီးဝန်းကျင် ဒေသများ၌ စစ်တပ်က ယခုလအတွင်း လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်နေရာ ၂၀ ရက်နေ့ အထိ လသားကလေး၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံး၍ ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ 

ယိုးငူရွာစျေးကို လေကြောင်းဗုံးကြဲပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

စစ်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲအလွန်ကာလတွင် နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ အရှိန်လျော့မသွားဘဲ ဆက်တိုက်ပြုလုပ်နေပြီး ဖေဖော်ဝါရီလ အတွင်းတွင်ပင် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ရပ် လေးခုထက်မနည်း ရှိလာပြီဖြစ်သည်။ 

ဖေဖော်ဝါရီလ ၅ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ်၊ မိအယ်ရွာကို ဒရုန်းဖြင့်ကင်းထောက်ပြီးနောက်  လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသူ နှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထိုတစ်နေ့တည်းတွင်ပင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ကိုရင်တစ်ပါးအပါအဝင် ခြောက်ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ ငါးဦးအထိရှိခဲ့သည်။ 

ထို့အပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ဥရုချောင်းအနီး ပင်နုတ်ဆွတ်မှော်ထဲမှ စားသောက်ဆိုင်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံးပြီး ငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

ဇန်နဝါရီလအတွင်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၂၇ ဦးသေဆုံး၊၂၄၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုအများဆုံးဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)က ထုတ်ပြန်ထားသည်။ 

(သတင်းဖြည့်စွက်ချက်။ ။ အာရက္ခတပ်တော် (AA) ၏ ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲခန့်ထုတ်ပြန်ချက်အရ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေး လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးများအပါအဝင် သေဆုံးသူ ၁၇ ဦး ရှိပြီး ဒဏ်ရာရသူ ၁၄ ဦးရှိကြောင်း သိရသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button