သတင်း

KNU နယ်မြေတချို့တွင် စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်နေ 

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေအချို့၌ စစ်ကောင်စီလက်နက်ကိုင်များကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း အတိုက်ခံနေရသည့် နေရာများတွင် အင်အားဖြည့်တင်းနေကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တပ်မဟာ(၅)တို့ တပ်မဟာ(၁)တို့ တပ်မဟာ(၃)တို့ သူတို့စစ်အင်အားတွေ တက်လာတယ်။ တပ်မဟာ (၆) မှာလည်း သူတို့စစ်အင်အားတွေ တက်လာတယ်။ သူတို့ကတော့ ပြင်ဆင်တဲ့အနေအထားပေါ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

စစ်အင်အား မည်မျှတိုးချဲ့ကြောင်း မသိရသေးသလို စစ်ကောင်စီက ကရင်ဒေသတိုက်ပွဲအခြေအနေများကို ဤအတောအတွင်း ထုတ်ပြန်ခြင်း မရှိပေ။

ဒေသတွင် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei News အရ  ဇွန်လ ၂၇ ရက်က သထုံမြို့နယ် ပိန္နဲတောတပ်စခန်းကို KNU လက်ဖြောင့်တပ်သားက ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်​ဟု သိရသည်။

ပိန္နဲတောတပ်စခန်းတွင် ထိုသို့ ၁ ဦးသေဆုံးပြီးနောက် လုံခြုံရေး ပိုမိုတင်းကျပ်လိုက်သည်ဟု သတင်းရကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု အဲဒီတပ်စခန်းရှေ့မှာ ပြည်သူလူထုတွေကို သွားလာခွင့်မပြုဘူး။ စခန်းရှေ့လမ်းမကြီးကို ပိတ်ထားတယ်” ဟု ၎င်းက ​ပြောသည်။

ဇွန်လ ၂၁ ရက်ကလည်း KNU တပ်မဟာ(၁) နယ်မြေဖြစ်သည့် ဘားအံမြို့နယ်အတွင်း လေးနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး ကျဆုံးခဲ့ကြောင်း KNU ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

မတ်၊ ဧပြီနှင့် မေလအတွင်းက တိုက်ပွဲများ၊ မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားခဲ့သည့် KNU တပ်မဟာ(၅)နယ်မြေတွင် ယခုလကုန်ပိုင်း၌ စစ်ရေးအခြေအနေ ပြင်းထန်မှုမရှိဘဲ အနည်းငယ်တည်ငြိမ်ကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

အာဏာမသိမ်းမီကတည်းက စစ်တပ်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည့် KNU တပ်မဟာ(၅ )နယ်မြေတွင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

“အခုတလော တပ်မဟာတွေမှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာ မကြားမိဘူး။ တပ်မဟာ(၃)မှာကျတော့ နည်းနည်း ပေါ်တာဆွဲတာတွေ ကြားတယ်။ တပ်မဟာ(၅)ဘက်က လမ်းတွေလည်း ပြန်ဖွင့်ပေးတယ်။ ဒေသခံ ခရီးသည်ကားတွေကို ခွင့်ပြုတယ် အိမ်စီးကားတွေ သတ်မှတ်ထားတဲ့နေရာအတိုင်း သွားဖို့၊ လမ်းဘေးဆင်းတာ ဘာညာမလုပ်ဖို့ပေါ့။ နောက် ပျက်နေတဲ့ တံတားတွေ ပြန်ပြင်ထားတာတွေ့တယ်။ စစ်ကားတော့ သွားလို့မရဘူးထင်တယ်” ဟု ကရင်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ဖာပွန်လမ်းပိုင်းကို KNU တပ်မဟာ(၅)က ပိတ်ထားကာ ၎င်းတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၏ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ခဲ့သည်။ ထိုသို့ ပိတ်ထားစဉ် စစ်ယာဉ်တန်းများဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်များနှင့်  တိုက်ပွဲဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် KNU, BGF စစ်ဘက်ခေါင်းဆောင်များအပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပြီး ကရင်အချင်းချင်း တိုက်ပွဲမဖြစ်ပွားရေး ဆွေးနွေးပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများ လျော့ကျသွားသည်။

KNU သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အပြစ်မဲ့ပြည်သူလူထုများအပေါ် တတ်နိုင်သည့်ဘက်က အကူအညီပေးအပ်သွားမည်ဟု သဘောထားထုတ်ပြန်ထားသည်။

တိုက်ပွဲငယ်တချို့ ရှိနေလင့်ကစား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တွေ့ဆုံဆွေးနွေးခြင်း၊ အပစ်ရပ်စာချုပ်မူဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဟု မေလ ၁၀ ရက်တွင်  ကြေညာခဲ့သည်။

KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီကလည်း ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ သဘောထားအတိုင်း လိုက်နာခံယူသွားမည်ဖြစ်ကြောင်း ဇွန် ၉ တွင် သဘောထားထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ မေ ၃၀ သတင်းထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးနိုင်ရန် အပစ်ရပ်ကာလကို ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းတိုးထားကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button