အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ပြန်ရသွားသော ဖယောင်းတောင်ရွှေတွင်း လုပ်ငန်းပြန်စရန် ပြင်ဆင်နေ

စစ်တပ်က ပြန်ရသွားသော ထိုရွှေတွင်းတွင် လုပ်ကိုင်ခွင့်သက်တမ်းတိုးစာချုပ်ချုပ်ရန် ပြင်ဆင်နေပြီး ကုမ္ပဏီလုံခြုံရေးဝန်ထမ်းအချို့ကိုလည်း လုပ်ငန်းခွင်အတွင်း ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) သိမ်းပိုက်ခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း၏ ဖယောင်းတောင်ရွှေတွင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရွှေတူးဖော်မှုများပြန်စရန် စီစဉ်နေကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF)နှင့် ပူးပေါင်းတပ်များက  စစ်ကော်မရှင်ခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သော ဖယောင်းတောင်ရွှေတွင်းမှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ ၂၀၂၅ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် စစ်တပ်က ထိုရွှေတွင်းကို ပြန်လည်ရရှိခဲ့သည်။ 

ဦးမောင်ကို၏ Myanmar Golden Point Family ကုမ္ပဏီနှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့ အကျိုးတူဖက်စပ်စာချုပ် ချုပ်ဆို၍ အကြိမ်ကြိမ်သက်တမ်းတိုးကာ ရွှေတူးဖော်ခဲ့ပြီး MDY- PDF သိမ်းပိုက်ထားချိန်တွင် ရွှေတူးဖော်မှုများရပ်ဆိုင်းခဲ့သည်။

ထိုစဉ်က သက်တမ်း ငါးနှစ်ထပ်တိုးရန် လျှောက်ထားဆဲကာလဖြစ်ပြီး အပြီးပြတ်ခွင့်ပြုချက်မကျမီ လုပ်ငန်းများရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်က ထိုရွှေတွင်းကို ပြန်ရပြီးနောက် လုပ်ကိုင်ခွင့်သက်တမ်းတိုးရန် ထပ်မံလျှောက်ထားလျက်ရှိပြီး ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအချို့ကိုလည်း လုပ်ငန်းခွင်အတွင်းသို့ ဝင်ရောက်ခွင့်ပြုထားကြောင်း ကုမ္ပဏီနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။ 

“(စစ်တပ်) ရပြီးသွားတော့ ကျွန်တော်တို့ကို ဝင်ခွင့်မပေးသေးဘဲနဲ့ နောက်ကြတော့ နယ်မြေရှင်းလင်းရေးတွေ အကုန်ပြီးမှ သူတို့က ဝင်ခွင့်ပေးတယ်။ ဝင်ခွင့်ပေးပေမယ့် ကျွန်တော်တို့ စာချုပ်က ဒီကိစ္စတွေ မဖြစ်ခင်မှာ စာချုပ်ချုပ်ဖို့ကြိုးစားနေတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ စာချုပ်က မချုပ်ရသေးဘူး ဆိုတော့ Operation  (လည်ပတ်ရေး) လည်းမလုပ်နိုင်သေးဘူး။ အခုအဲ့ဒါကို စာချုပ်ချုပ်ခွင့်ရဖို့ သူတို့ ကြိုးစားနေတာ။ စာချုပ်ချုပ်ခွင့်ရပြီးတော့မှပဲ လုပ်ငန်းလည်ပတ်နိုင်ဖို့ တခြားဟာတွေ ဆက်လုပ်ရမှာ ပေါ့” ဟု ၎င်းက ဆိုသည်။ 

ဖယောင်းတောင်ရွှေတွင်းသည် အကြီးစားရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုဖြစ်ခြင်းကြောင့် စစ်ကော်မရှင်၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ဝန်ကြီးဌာန ငါးခုထက်မနည်းကို သဘောထားမှတ်ချက်ရယူ၍ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခွင့်ပြုချက်ဖြင့် သက်တမ်းတိုးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

MDF- PDF သိမ်းပိုက်လိုက်စဉ်က သက်တမ်းတိုးခွင့်အတွက် မူအားဖြင့် သဘောတူညီချက်ရထားပြီး အပြီးသတ်ခွင့်ပြုမိန်ရရှိသာကြန့်ကြာခဲ့သည်ဟု သူကဆိုသည်။

လက်ရှိတွင် ဒေသတွင်းတိုက်ပွဲများကြောင့် ဝန်ထမ်းများ နေရပ်ပြန်သွားကြပြီဖြစ်၍ ဝန်ထမ်းများ ပြန်ခန့်အပ်ရန်၊ စက်ယန္တရားများပြန်လည်ပြင်ဆင်ရန်လိုနေသဖြင့် အမှန်တကယ်လုပ်ငန်းလည်ပတ်ရန် ခြောက်လခန့် အနည်းဆုံး အချိန်ယူရဖွယ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖယောင်းတောင်ရွှေတွင်းသည် နိုင်ငံအလယ်ပိုင်းရှိ အခြားသော ရွှေကြော များဖြင့်ဆက်စပ်မှုမရှိဘဲ သီးခြားတည်ရှိနေသည့် ရွှေတွင်းကြီးဖြစ်ပြီး နိုင်ငံတကာက စိတ်ဝင်တစား လေ့လာလေ့ရှိသည်ဟု ထိုသူက ဆိုသည်။

ယခင်က ထိုရွှေလုပ်ငန်းခွင်အတွင်း တစ်ရက်လျှင် သတ္တုရိုင်းတန်ချိန် ၁၂၀ ခန့်တူးဖော်ပြီး အမှုန့် ကြိတ်ကာ ဆာရာနိုက်ဓာတ်ဆေးဖြင့် ရွှေဖမ်းခြင်း၊ ကာဗွန်ဖြင့် ရွှေသန့်စင်ထုတ်လုပ်ရာ တစ်လလျှင် ရွှေတစ်ပိဿာကျော် ထွက်သည်ဟု ၂၀၂၃ နှစ်ဆန်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနထံ တင်ပြသည့် ကုမ္ပဏီ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြသည်။

ရွှေထုတ်လုပ်မှုကာလတွင် မြေတစ်စတုရန်းကီလိုမီတာ (၃၂၈၉ ပေ ပတ်လည်) အတွက် တစ်နှစ်လျှင် ပုံသေမြေငှားရမ်းခ ကျပ် သုံးသန်းပေးချေရမည်ဟု သံယဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ၂၀၁၉ ခုနှစ် သက်တမ်းတိုးခွင့်ပြုမိန့်တွင် တွေ့ရသည်။

 စစ်ကော်မရှင်ခန့် မန်းတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − MRTV)

ထိုရွှေလုပ်ကွက်ပိုင်ရှင်လည်းဖြစ်၊ ရွှေသူဌေးတစ်ဦးအဖြစ် နာမည်ကျော်သည့် ဦးမောင်ကိုသည် အာဏာ မသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရက ပေးသည့် ဝဏ္ဏကျော်ထင်ဘွဲ့ရခဲ့သူလည်းဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် ဦးမောင်ကို ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ ပေးခဲ့သည်။

အာဏာသိမ်းပြီးနောက် ဦးမောင်ကိုသည် မန္တလေးတိုင်း စစ်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ်အဖြစ်မှ အနားပေးခံရသည်။ ယင်းနှစ် ဩဂုတ်လတွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထပ်မံအနားပေးခံခဲ့ရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် အမေရိကန်အစိုးရက စစ်ကောင်စီ၏ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်လေးဦးကို အရေးယူပိတ်ဆို့ရာတွင် ဦးမောင်ကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။

၂၀၂၃ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီရင်ခံစာတွင် ဦးမောင်ကိုနှင့် ဇနီးဒေါ်ရွှေဥတို့သည် ဖယောင်းတောင်ရွှေတွင်းတူးဖော်ခွင့်ရ Myanmar Golden Point Family ကုမ္ပဏီတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းကို ထည့်သွင်းဖော်ပြသည်။

ကုမ္ပဏီဒါရိုက်တာစာရင်းတွင် ဦးမောင်ကို၊ ဒေါ်ရွှေဥ အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ခုနစ်ဦးပါဝင်သည်ကို တွေ့ရသည်။

ဦးမောင်ကိုသည် ရွှေတူးဖော်ရေးလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ထာဝရ ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့အပြင်၂၀၁၈ ခုနှစ်တွင် ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် G-Bank ခေါ် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ရှယ်ယာရှင်လည်း ဖြစ်သည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်တွင် ဖယောင်းတောင်ရွှေတွင်းရပြီးနောက် တွေ့ရသော စစ်သားများ။ (ဓာတ်ပုံ-စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်) 

Related Articles

Back to top button