Frontier Myanmar သတင်းဌာန၏ ပိုင်ရှင်အသစ်ဖြစ်လာသူ ပီချိုင်း ချွမ်းဆွက်ဆာဝါဒီ (Pichai Chuensuksawadi) ဆိုသည့် ထိုင်းနိုင်ငံသားသည် မြန်မာစစ်ကော်မရှင် အဖွဲ့ဝင်များနှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း Myanmar Now ၏လေ့လာစုံစမ်းမှုအတွင်း တွေ့ရှိခဲ့သည်။
ထိုတွေ့ဆုံမှုများနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများအား သိနိုင်ရန် မေးမြန်းသောအခါ “နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေကို သိရှိနေအောင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားက အစိုးရအရာရှိဟောင်းတွေ၊ ဖြစ်နိုင်ရင် လက်ရှိအစိုးရအရာရှိတွေနဲ့ ကျွန်တော် ဆက်လက်တွေ့ဆုံနေပါတယ်။ သူတို့နဲ့ ကျွန်တော် သဘောထားအမြင် ပြင်းပြင်းထန်ထန် ကွဲပြားနေရင်တောင်မှ တွေ့ဖြစ်ပါတယ်” ဟု ပီချိုင်းက အာဏာသိမ်းစစ်ကော်မရှင်ကို မြန်မာ အစိုးရဟု ရည်ညွှန်းကာ Myanmar Now သို့ ပြောကြားခဲ့သည်။
သို့သော် သူတွေ့ဆုံခဲ့သည့် မြန်မာ စစ်ကော်မရှင်အရာရှိများသည် မည်သူမည်ဝါဖြစ်ကြောင်း ကိုမူ ထုတ်ဖော်မပြောနိုင်ကြောင်း ပီချိုင်းကဆိုသည်။ အကြောင်းမှာ “သတင်းရင်းမြစ်ကိုလျှို့ဝှက်ပေးရန်” လိုအပ်ချက်ကြောင့်ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသား ပီချိုင်းသည် Bangkok Post သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်းတစ်ဦးဖြစ်ပြီး အာဆီယံ မီဒီယာဖိုရမ်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။
Frontier ၏ ပိုင်ရှင်ဖြစ်သော်လည်း သတင်းဌာန၏ လုပ်ငန်းအသေးစိတ်တွင် ပါဝင်ခြင်းမရှိကြောင်းနှင့် သတင်းသမားအနေဖြင့်လည်း လုပ်ကိုင်တော့ခြင်းမရှိကြောင်း ပီချိုင်းကဆိုသည်။
ပီချိုင်းကဲ့သို့ သတင်းဌာနပိုင်ရှင်တစ်ဦးက အငြင်းပွားဖွယ် အာဏာရှင်စစ်တပ်မှ ပုဂ္ဂိလ်များနှင့် တွေ့ဆုံသည့်ရည်ရွယ်ချက်နှင့် တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်စုံတစ်ရာအား ထုတ်ဖော်မပြောခြင်းသည် ဝေဖန်ထိုက်ဖွယ်ရှိကြောင်း ဥရောပတိုက်ရှိ မီဒီယာနှင့် သတင်းစာပညာ သုတေသနစင်တာ (Media and Journalism Research Center) ၏ ညွှန်ကြားရေးမှူး သုတေသီ မာရီးယက်စ် ဒွက်ဂိုမီယာ (Marius Dragomir) ကပြောသည်။
“ဒီလိုအာဏာရှင်အဖွဲ့အစည်းကသူတွေနဲ့ မီဒီယာတိုက်ပိုင်တွေ အများပြည်သူတွေ့မြင်နိုင်တဲ့ ညီလာခံတွေ အစည်းအဝေးလို ပွင့်ပွင့်လင်းလင်းရှိတဲ့အခြေအနေမှာ တွေ့ဆုံတာဟာ ဘာမှပြဿနာမရှိပါဘူး။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ တွေ့ဆုံမှုအခြေအနေကို အများပြည်သူကို ပွင့်ပွင့်လင်းလင်းချပြရမှာပါ။ ချမပြဘူးဆို နောက်ဆက်တွဲ သက်ရောက်မှုတွေက မကောင်းနိုင်ပါဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။
ထို့အပြင် ပီချိုင်းသည် သတင်းသမားတစ်ဦးအဖြစ်လုပ်ကိုင်ခြင်းမရှိတော့သဖြင့် သတင်းသမားများက သတင်းကိစ္စရပ်များတွင် ရံဖန်ရံခါ ကျင့်သုံးသည့် သတင်းရင်းမြစ်ကိုလျှို့ဝှက်ခြင်းကိုလည်း လုပ်ခွင့်မရှိကြောင်းလည်း သုတေသီက ထောက်ပြပြောဆိုသည်။
Frontier Myanmar သတင်းဌာနအား စင်ကာပူနိုင်ငံတွင်မှတ်ပုံတင်ထားသည့် Boomerang Media ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သတင်းဌာနပိုင်ဆိုင်သူများက ဆိုသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် Frontier Myanmar ကို ပူးတွဲတည်ထောင်သူ ဦးမြတ်ဆွေ ခေါ် ဆန်နီဆွေသည် Boomerang Media ရှိ ၎င်း၏ ရှယ်ယာများကို ပီချိုင်းထံသို့ တိတ်တဆိတ် လွှဲပြောင်းပေး ခဲ့သည်။
ပီချိုင်းသည် လက်ရှိတွင် Boomerang Media ၏ ရှယ်ယာ ၉၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန်ရှိသည့် ရှယ်ယာများကို Myanmar Times နှင့် Frontier ၏ ဝန်ထမ်းဟောင်းဖြစ်ကာ လက်ရှိတွင် International Crisis Group ၌ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အကြီးတန်းအကြံပေးအဖြစ် လုပ်ကိုင်နေသည့် သောမတ်စ် ကင်း (Thomas Kean) က ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ယခုအခါ Frontier Myanmar တွင် မြန်မာနိုင်ငံသား ပိုင်ဆိုင်မှု လုံးဝမရှိတော့ဟု ဆိုရမည်ဖြစ်သည်။

Frontier Myanmar သတင်းဌာနအား ပိုင်ဆိုင်သူများတွင် အာဏာမသိမ်းမီက ဆန်နီဆွေ၏ ဖခင်ဖြစ်သူ ထောက်လှမ်းရေးအရာရှိဟောင်း ဦးသိန်းဆွေနှင့် စစ်ထောက်လှမ်းရေး၏ အိုင်တီ လုပ်ငန်းများကို လုပ်ကိုင်ပေးခဲ့သူ ဦးပြုံးမောင်မောင်တို့ပါဝင်ခဲ့သည်။ ဦးသိန်းဆွေနှင့် ဆက်စပ်မှုကြောင့် Frontier အား ပြည်ပရောက်သတင်းမီဒီသမားများကြားတွင် လွန်ခဲ့သည့် နှစ်များအတွင်း စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့သော်လည်း ပိုင်ရှင်သစ်သည် မြန်မာစစ်တပ် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
Frontier Myanmar သည် ပြည်ပရောက် မြန်မာမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာနိုင်ငံ လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM) ၏ အဖွဲ့ဝင်ဖြစ်သည်။
IPCM ၏ ဥက္ကဋ္ဌနှင့် ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေက Frontier အနေဖြင့် မြန်မာနိုင်ငံသားပိုင် မီဒီယာမှ ထိုင်းနိုင်ငံသားပိုင် မီဒီယာသို့ ပြောင်းလဲခဲ့သည့် ပိုင်ဆိုင်မှုကိစ္စအား IPCM သို့ အကြောင်းကြားထားခြင်း မရှိကြောင်း Myanmar Now သို့ ယမန်နှစ်နှောင်းပိုင်းက ပြောကြားထားသည်။
ပီချိုင်းသည် ဆန်နီဆွေနှင့်အတူ Boomerang Network (Thailand) ဆိုသည့်ကုမ္ပဏီ ကိုလည်း ပူးတွဲပိုင်ဆိုင်ထားပြီး အဆိုပါကုမ္ပဏီသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် Greenhouse co-working ရုံးတစ်ခုကိုလည်း ဖွင့်လှစ်ထားသည်။
အဆိုပါ လုပ်ငန်းသည် ပြည်ပရောက် သတင်းမီဒီယာ အဖွဲ့အစည်းများအတွက် အခမ်းအနားအစီအစဉ်များ ကျင်းပနိုင်ရန်နေရာအဖြစ် ဖန်တီးထားသည်ဆိုသော်လည်း လုံခြုံရေးအရသုံးသင့်မသုံးသင့် အငြင်းပွားဖွယ်ရာကိစ္စရပ်ဖြစ်နေခဲ့သည်။ အကြောင်းမှာဆန်နီဆွေ၏ဖခင် ဦးသိန်းဆွေသည် စစ်ဘက်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးဖြစ်ပြီး၊ လက်ရှိတွင် စစ်ကော်မရှင်နှင့် ဆက်နွှယ်နေသည့် အကြံပေးအဖွဲ့တစ်ခုတွင် ပါဝင်လျက်ရှိခြင်းကြောင့်ဖြစ်သည်။
Frontier Myanmar သည် အွန်လိုင်းတွင် ပြောဆိုရေးသားနေသည်များကို စောင့်ကြည့်၍ အချက်အလက်များစုဆောင်းကာ အစီရင်ခံစာများရေးပြီး နိုင်ငံခြားသံရုံးများကို ငွေကြေးဖြင့် ရောင်းချနေသည့် လုပ်ငန်းတစ်ခုကိုလည်း လုပ်ဆောင်နေကြောင်း ဆန်နီဆွေက လူသိရှင်ကြားပြောဆိုထားသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်အခြေစိုက် Rappler သတင်းဌာနနှင့် မေးမြန်းခန်းတွင် ဆန်နီဆွေက “ကျွန်တော့်မှာ ဒေတာအေဂျင်စီတစ်ခုရှိပါတယ်။ အွန်လိုင်းမှာ လူတွေဘာတွေ ပြောနေကြလဲဆိုတာကို ကျွန်တော်စောင့်ကြည့်ပါတယ်။ ပြီးရင် ဒါကို အထူးစီးပွားရေးဆိုင်ရာ အချက်အလက်အစီရင်ခံစာဆိုပြီး ကျွန်တော်ထုတ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုပါ” ဟု ၎င်းကဆိုသည်။
သို့ရာတွင် ယခုသတင်းအား အင်္ဂလိပ်ဘာသာဖြင့် Myanmar Now က လွန်ခဲ့သည့်အပတ်က ထုတ်ပြန်ပြီးနောက် ပီချိုင်းက ယခုအပတ်တနင်္လာနေ့တွင် “အဲဒီလို လုပ်ငန်းမျိုးမရှိပါဘူး။ ဒါက ၂၀၂၁ နဲ့ ၂၀၂၂ ကြား Frontier ကလုပ်ခဲ့တဲ့ မီဒီယာစောင့်ကြည့်ရေးဝန်ဆောင်မှု တစ်ခုနဲ့ ပတ်သက်ပြီး နားလည်မှုလွဲတာနဲ့တူပါတယ်” ဟု ထုတ်ပြန်ချက်တစ်စောင်ထုတ်၍ တုံ့ပြန်ခဲ့သည်။
စစ်အာဏာရှင်တာဝန်ရှိသူများနှင့် တွေ့ဆုံမှုများနှင့်ပတ်သက်၍လည်း “ဒီလိုတွေ့တာမှာ နှစ်ဦးနှစ်ဖက် ဘာအကျိုးစီးပွားမှ ရရှိတာမျိုးမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
မကြာသေးခင်က Myanmar Now က ထုတ်ဝေခဲ့သော “မြန်မာတိုင်းမ် နှင့် Frontier Myanmar သတင်းဌာနများ၏ ဝိုးတဝါး အတိတ်နှင့် ပစ္စုပ္ပန်” ဆောင်းပါးအား ပြုစုစဥ် ဆန်နီဆွေ တရားဝင်ထုတ်ဖော်ပြောဆိုထားသည့် ဒေတာအေဂျင်စီအကြောင်းနှင့် ၎င်းတို့၏ဖောက်သည်များမှာ မည်သူတို့ဖြစ်ကြောင်း Myanmar Now ၏ မေးမြန်းချက်များကို ပီချိုင်းနှင့် ဆွန်နီဆွေတို့နှစ်ဦးလုံး ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။



