သတင်း

မင်းအောင်လှိုင်သွားရောက်ခဲ့သည့် ရုရှားစစ်ဘက်ကုမ္ပဏီများ မြန်မာတွင် ရုံးခွဲဖွင့်ထား

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်ခဲ့စဉ်အတွင်း စစ်ဘက်ဆိုင်ရာ နေရာဌာနများကို သွားရောက်ကြည့်ရှုခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားသည့် ကုမ္ပဏီများကိုလည်း သွားရောက်လေ့လာခဲ့သည်။

မော်စကိုမြို့ရှိ ကာကွယ်ရေးပစ္စည်းများတင်ပို့ရောင်းချသည့် ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီသို့ ဇွန် ၂၂ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Rosoboronexport သည် တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ တင့်ကားများမှသည် အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများကို နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံ၌လည်း ရုံးခွဲဖွင့်လှစ်ထားသည်။

ရုရှားစစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချသည့် နိုင်ငံပိုင် Rosoboronexport သည် ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း စစ်လေယာဉ်များ ပြန်လည်ပြင်ဆင်တပ်ဆင်ရေးစင်တာဖွင့်လှစ်ထားသည်ဟု ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် ရုရှားနိုင်ငံတွင်းရှိ စစ်မြေပြင်သုံး သံချပ်ကာယာဉ်များနှင့် ရဟတ်ယာဉ်များထုတ်လုပ်ရာ Tatarstan ဒေသသို့လည်း သွားရောက်ခဲ့စဉ် ကုန်တင်ယာဉ်များနှင့် စစ်မြေပြင်သုံး သံချပ်ကာယာဉ်များထုတ်လုပ်သည့် KAMAZ ကုမ္ပဏီကို သွားရောက်လေ့လာခဲ့သည်။ 

အဆိုပါ KAMAZ ကုမ္ပဏီမှာ ရုရှားနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ရုရှားစစ်တပ်တွင် အသုံးပြုနေသည့် ကုန်တင်ယာဉ်အများစုမှာ အဆိုပါ ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါ KAMAZ Holding ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်တွင် လုပ်ကိုင်လျက်ရှိပြီး ဒေသခံမိတ်ဖက်ကုမ္ပဏီမှာ UMG Myanmar ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Panthera Motor ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း KAMAZ ကုမ္ပဏီမှာ ကုန်တင်ယာဉ်များနှင့် အရန်ပစ္စည်းများ မြန်မာသို့ တင်ပို့ခဲ့သည်ဟု ကုမ္ပဏီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရုရှား KAMAZ ကုမ္ပဏီထုတ် ကုန်တင်ယာဉ်များကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသခဲ့စဉ်။ 

အာဏာသိမ်းခေါင်းဆောင်သည် ဇွန် ၂၅ တွင် Tatarstan ဒေသရှိ ရုရှားနိုင်ငံ၏ နာမည်ကျော် Mi နှင့် Ansat အမျိုးအစား စစ်ရဟတ်ယာဉ်များထုတ်လုပ်ရာ Kazan ဟယ်လီကော်ပတာကုမ္ပဏီကို သွားရောက်ခဲ့သည်။ Kazan ကုမ္ပဏီတွင် ရုရှားနိုင်ငံ၏ အကြီးဆုံးရဟတ်ယာဉ်ရောင်းချရေးကုမ္ပဏီ Russian Helicopters က အဓိက ရင်းနှီးမြှုပ်နှံထားသည်။ 

မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော စစ်ရဟတ်ယာဉ်အားလုံးနီးပါးမှာ အဆိုပါကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် Kazan ကုမ္ပဏီထုတ် Mi-17 အမျိုးအစား စစ်သုံးရဟတ်ယာဉ်များကို ၁၉၉၅ ခုနှစ်တွင် စတင်လက်ခံရရှိခဲ့သည်။

အဆင့်မြှင့်တင်ထားသည့် Mi-17 မျိုးကွဲ တိုက်ခိုက်ရေးရဟတ်ယာဉ်များအပြင် Mi-24 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များကိုလည်း Kazan ကုမ္ပဏီက မြန်မာစစ်တပ်ကို လွှဲပြောင်းရောင်းချခဲ့ပြီး အရန်ပစ္စည်းများနှင့် သင်တန်းများလည်း ထောက်ပံ့ပေးခဲ့သည်။ 

မြန်မာစစ်တပ်မှ ယခင်လေတပ်စစ်ဦးစီးချုပ်များလည်း စစ်ဘက်သုံးရဟတ်ယာဉ်များထုတ်လုပ်သည့် Kazan ကုမ္ပဏီကို သွားရောက်လေ့လာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မေလအတွင်းက လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် ရုရှားနိုင်ငံထုတ် နောက်ဆုံးပေါ် Ka-52 နှင့် Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပါဝင်ပြသခဲ့သည့် ရုရှားနိုင်ငံ၏ အကြီးမားဆုံးရဟတ်ယာဉ်ပြပွဲ (HeliRussia) ကို တက်ရောက်ခဲ့သည်။ 

စစ်လက်နက်ပစ္စည်းအဝယ်တော်

ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီက ရောင်းချသည့် လက်နက်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြည့်ရှနေစဉ်။ 

ရှရှားနိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှာကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံခဲ့စဉ် စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ရာ အာဏာသိမ်းစစ်တပ်က ရုရှားထံမှ စစ်လက်နက်ပစ္စည်းများ ထပ်မံဝယ်ယူနေဖွယ်ရှိသည်။ 

စစ်အာဏာမသိမ်းမီတစ်ပတ်အလိုက နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှား၏ နာမည်ကျော် Pantsir-S1 လေကြောင်းကာကွယ်ရေးဒုံးလက်နက်၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါလက်နက်များရောင်းချရန် သဘောတူခဲ့သည်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားနိုင်ငံထုတ် ရေဒါပစ္စည်းများ ဝယ်ယူတင်သွင်းခဲ့ကြောင်း The Moscow Times သတင်းစာက ဧပြီလတွင် ရေးသားဖော်ပြခဲ့သည်။

ရုရှာကာကွယ်ရေးဝန်ကြီး Sergei Shoigu သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ မကြာခဏလာရောက်လေ့ရှိပြီး မြန်မာစစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ အရေးကြီးသဘောတူညီမှုများလည်း ထွက်ပေါ်ခဲ့သည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် Observer Research Foundation (ORF) က ဆိုသည်။

၂၀၁၆ ခုနှစ်မှစ၍ ရှရှားနှင့် မြန်မာစစ်တပ်ကြား မကြာခဏအပြန်အလှန်လည်ပတ်မှုများနှင့် စစ်ဘက်ဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ပြီး အဆိုပါသဘောတူညီချက်များအနက် ထောက်လှမ်းရေးသတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးလည်း ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရုရှားစစ်ရေယာဉ်များ မြန်မာဆိပ်ကမ်းဝင်ရောက်ရေးနှင့် ရုရှားထုတ် Su-30 အမျိုးအစား တိုက်လေယာဉ် ခြောက်စီးဝယ်ယူရေး သဘောတူညီခဲ့သည်ဟု ORF ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ရုရှားထုတ် Su-30 စတုတ္ထမျိုးဆက်တိုက်လေယာဉ် ခြောက်စီးဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး ရုရှားစစ်င်္ဘောအချို့လည်း ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ 

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ အမည်ပျက်စာရင်းသွင်းကာ အရေးယူပိတ်ဆို့ခံထားရသည့် မြန်မာစစ်တပ်ကို ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချနေသည့်အပြင် ထောင်ပေါင်းများစွာသော မြန်မာစစ်ဘက်အရာရှိများကိုလည်း စစ်ဘက်ဆိုင်ရာသင်တန်းများ၊ တက္ကသိုလ်ပညာသင်ဆုများပေးလျက်ရှိသည်။ 

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ ၂၀၁၉ အချက်အလက်များအရ မြန်မာ၏ ရုရှားလက်နက်များတင်သွင်းမှုသည် ဆယ်စုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိခဲ့ပြီး ရုရှားနိုင်ငံမှ ဒုတိယအများဆုံး ဝယ်ယူတင်သွင်းခဲ့သည်။ 

စစ်ဘက်ပုဂ္ဂိုလ်အချို့ကိုသာ မျက်နှာပြခွင့်ရခဲ့သည့် ခရီးစဉ် 

အာဏာမသိမ်းရက်ပိုင်းအလိုတွင် နေပြည်တော်သို့ ရောက်လာသည့် ရုရှားကာကွယ်ရေးဝန်ကြီး Sergi Shoigu နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့စဉ်။

တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြားနေမဲပေးခဲ့ကြသည့် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကြုံတောင့်ကြုံခဲဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

ခရီးစဉ်၏ အဓိကအကြောင်းပြချက်တစ်ခုမှာ မော်စကို၌ ရုရှားက ဦးဆောင်ကျင်းပသည့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံတက်ရောက်ရန်ဖြစ်ပြီး မည်သည့်နိုင်ငံတကာခေါင်းဆောင်မျှ တက်ရောက်ခြင်းမရှိသည့် ထိုညီလာခံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၁၃ မိနစ်ကြာ စကားပြောခွင့်ရခဲ့သည်။

ဇွန် ၂၁ ရက်တွင် ရုရှားနိုင်ငံရောက်ရောက်ချင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ရသည့် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးက မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ သို့သော် ရုရှားသမ္မတပူတင်အနေဖြင့် အာဏာသိမ်းခေါင်းဆောင်ကို လက်ခံတွေ့ဆုံရန် မရှိကြောင်း ထိုနေ့၌ပင် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ကို Reuters သတင်းဌာနက ရေးသားခဲ့သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ခရီးစဉ်အတွင်း ရုရှားသမ္မတ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးအပါအဝင် နိုင်ငံရေးနယ်ပယ်မှ မည်သည့်ပုဂ္ဂိုလ်နှင့်မျှ တွေ့ဆုံခဲ့ရခြင်း မရှိဘဲ အအဆင့်အမြင့်ဆုံးတွေ့ခွင့်ရခဲ့သူမှာ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သာဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း စစ်ဘက်ဆိုင်ရာမြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှားနှင့် မြန်မာကြား ချစ်ခင်ရင်းနှီးမှုသည်လည်း ခိုင်မာသထက်ခိုင်မာလာသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို မော်စကိုလေဆိပ်၌ လာရောက်ကြိုဆိုခဲ့သူမှာ အရပ်သားပြည်သူ ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည့် မတ်လ ၂၇ ရက်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတက်ရောက်ခဲ့သူ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး အလတ်ဇန်းဒါးဖိုမင်ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအမြောက်အမြားရှိပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ အလတ်ဇန်းဒါးဖိုမင်၏ အထက်၌ပင် ဒုတိယကာကွယ်ရေးဝန်ကြီး ၁၀ ဦးအထိရှိသည်။

ရှရှားနိုင်ငံတောင်ပိုင်း Novosibirsk မြို့ရှိ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အုပ်ချုပ်ရေးသင်တန်းကျောင်းတွင် နိုင်ငံတကာသင်တန်းသားများနှင့်အတူ တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။

အာဏာသိမ်းခေါင်းဆောင်သည် ရုရှားခရီးစဉ်အတွင်း Tatarstan ဒေသ၊ Kazan မြို့ရှိ အဆင့်မြင့်တင့်ကားလေ့ကျင့်ရေးသင်တန်းကျောင်းကို သွားရောက်ခဲ့သည့်နည်းတူ ရှရှားနိုင်ငံတောင်ပိုင်း Novosibirsk မြို့ရှိ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အုပ်ချုပ်ရေးသင်တန်းကျောင်းကိုလည်း သွားရောက်ခဲ့သည်။

အဆိုပါသင်တန်းကျောင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပစ်စတိုသေနတ်ကိုင်ကာ လက်နက်ငယ်ပစ်ခတ်လေ့ကျင့်မှု ပါဝင်ခဲ့သည့်နည်းတူ ၎င်းနှင့်အတူ ပါလာသည့် အမျိုးသမီးအရာရှိအချို့ကိုလည်း လက်တွေ့ပစ်ခတ်လေ့ကျင့်စေခဲ့သည်။

ရုရှားစစ်ဘက်ဆိုင်ရာတက္ကသိုလ်က ပေးအပ်သည့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ပါမောက္ခဂုဏ်ဒြပ်နှင့်အညီ ရုရှား − မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများနှင့် နယ်ပယ်စုံဆက်ဆံရေး တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရုရှားသတင်းဌာနများကို ဖြေကြား 

ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားသတင်းဌာနများဖြစ်သော Russia 24 သတင်းဌာနနှင့် RIA သတင်းဌာနတို့ ကို တွေ့ဆုံရာတွင် နှစ်နှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးနိုင်ဖွယ်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က မတင်မကျ ဖြေကြားခဲ့သည်။

ထို့ပြင် လက်ရှိတည်ငြိမ်အေးချမ်းမှုအခြေအနေနှင့် ပတ်သက်၍ ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းပြီဟု မဆိုနိုင်သေးဘဲ ပြောဖို့စောနေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဝင်ရောက်လွှမ်းမိုးလိုသည့် စိတ်ရှိပုံရသည်ဟုလည်း ထည့်သွင်းဖြေကြားခဲ့ပြီး အမေရိကန်နိုင်ငံနှင့် အလှမ်းဝေးနေသော်လည်း ရုရှားနိုင်ငံသည် ထာဝရမိတ်ဆွေနိုင်ငံဖြစ်ကြောင်း ဆိုသည်။

ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအားကောင်းခဲ့ပြီး ရုရှားနိုင်ငံတွင် ပညာတော်သင်ကြားနေသည့် စစ်ဘက်အရာရှိပေါင်း ၇၀၀၀ ကျော်ရှိကာ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့သည်။ 

ရုရှားနိုင်ငံသို့ သီတင်းတစ်ပတ်ကြာ သွားရောက်ခဲ့သည့် သူ့ခရီးစဉ်အတွင်း တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမြှုပ်နှံမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ၊ သိပ္ပံနှင့်နည်းပညာ၊ သုတေသနလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပိုမိုတိုးတက်ခိုင်မောင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

တရားမဝင်အာဏာသိမ်းယူထားသည့် စစ်ကောင်စီနှင့် ရုရှားဆက်ဆံရေးမှာ အကျိုးစီးပွားကို ရှေးရှုသော တွေ့ဆုံမှုသာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီဟာ သူတို့ကို ဘယ်နိုင်ငံက အသိအမှတ်ပြုပါတယ်၊ ကာကွယ်ပေးပါတယ်၊ အမြဲတမ်းထောက်ပံ့ပေးပါတယ်ဆိုတဲ့ နိုင်ငံကို ရှာနေတာပဲ။ တစ်ဖက်ကလည်း ဒီအပေါ်မှာ အကျိုးစီးပွားရှာမယ့် သူတော်တော်အချင်းချင်း သတင်းလွေ့လွေ့ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အကျိုးစီးပွားကိုယှဉ်ပြီး တွေ့ဆုံမှုတွေဖြစ်တယ်” ဟု ၎င်းက ပြောလိုက်သည်။ 

Show More

Related Articles

Back to top button