သတင်း

ထီးချိုင့်၊ ကသာမြို့နယ် တိုက်ပွဲများတွင် စစ်သား ၄၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံး၍ အများအပြားဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ဇွန် ၂၆ ညနေပိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်ရိုးလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်တပ်မှ ၁၄ ဦးထက်မနည်း သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) အဖွဲ့က ယမန်နေ့ (ဇွန် ၂၈) တွင် ထုတ်ပြန်ခဲ့သည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ထီးချိုင့်မြို့နယ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“ထီးချိုင့်မှာက အခြေစိုက်တပ် မရှိဘူး၊ လုံခြုံရေးအရ လာတာ။ သူ (စစ်တပ်) က လာလိုက်၊ ၂ ရက်၊ ၃ ရက်နေ ပြန်သွားလိုက်နဲ့ ကြာပြီ။ အခုကလည်း (စစ်တပ်က) ရွာတွေဝင်တဲ့ နောက်ဆက်တွဲဗျ။ အဲဒါမဖြစ်ခင်က ထီးချိုင့်က လူငယ်တစ်ယောက် အသတ်ခံရတာ။ အဲဒီမှာ တော်တော်လေး ကြိတ်မနိုင်ခဲမရ ဖြစ်သွားတာ” ဟု ၎င်းက ဆက်ပြောသည်။

ဇွန် ၂၄ ကလည်း ကသာမြို့နယ်၊ မိုးတားအုပ်စု၊ ရွှေကျောင်းကုန်းရွာအနီး စစ်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်သား ၃၀ ခန့် သေဆုံးကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ထုတ်ပြန်သည်။  

ပြီးခဲ့သည့် မေ ၃၀ တွင်လည်း စစ်ကောင်စီတပ်ဘက်မှ ၈ ဦး သေပြီး  ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်။ နောက်တစ်နေ့တွင် ၃ ဦး ထပ်မံသေဆုံးခဲ့သည်။ ယင်းတိုက်ပွဲတွင် KPDF ဘက်မှ ၅ ဦး သေဆုံးခဲ့သည်။ 

ကသာမြို့နယ်တွင် ဇွန် ၂၈ အထိ စစ်တပ်က မတရားဖမ်းဆီးခဲ့သူ ၁၉ ဦးနှင့် သေဆုံးသူ ၅ ဦး ရှိပြီဖြစ်ကြောင်း KPDF က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ ကနီ၊ မုံရွာ၊ မင်းကင်း၊ တန့်ဆည်မြို့နယ်များ၊ ချင်းပြည်နယ်နှင့် ဆက်စပ်နေသည့် ကလေး၊ တမူးမြို့နယ်များသည် စစ်အာဏာရှင်ကို ခုခံတော်လှန်နေသော ဒေသများဖြစ်သည်။ စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေ၍ တိုက်ပွဲများသည် ကချင်ပြည်နယ်နှင့် ဆက်စပ်နေသော နယ်မြေများအထိပါ ပျံ့နှံ့လာခြင်းဖြစ်သည်။ 

ယင်းတိုက်ပွဲများတွင် PDF အဖွဲ့များနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပါဝင်တိုက်ခိုက်သည်ဟု ဆိုသော်လည်း KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIO အနေဖြင့် ထိုသို့ ညွှန်ကြားထားခြင်း မရှိကြောင်း ပြောသည်။ 

” ဒေသခံတွေ အဲဒီနီးစပ်တဲ့တပ်တွေနဲ့ ပူးပေါင်းလုပ်တာနေမှာပါ။ အဲဒါကြောင့် KIO ကိုယ်စားပြုပြီးမှ ထုတ်ပြန်ကြေညာချက်ထုတ်တာလည်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ကချင်ဒေသခံအများအပြားကမူ အဆိုပါဒေသတစ်ဝိုက်သည် KIA လှုပ်ရှားမှုရှိသော နယ်မြေများဖြစ်သောကြောင့် KIA ပူးပေါင်းတိုက်ခိုက်နေသည်ဟု ယူဆရကြောင်း ပြောသည်။

“ကသာတို့ ဗန်းမောက်တို့မှာ ဟိုးအရင်တုန်းကလည်း လှုပ်ရှားတယ်။ နောက်ပိုင်း KIA က အခု ပြန်လှုပ်ရှားတာပေါ့။ ကသာပြီးရင် ထီးချိုင့်ဆိုတော့ အဲဒီဘက်လည်း ဆက်စပ်မှုရှိပါတယ်။ အဲဒီ ထီးချိုင့်ဘက်တော့ KIA ရောက်မရောက် မသိဘူး။ ကသာဘက်ကတော့ သူတို့စခန်းကို ရှိတယ်။ ပေါင်း (တိုက်)ကြမှာပါပဲ” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ဒေသခံ ကချင်လူငယ်တစ်ဦးဖြစ်သည့် ကိုဆန်အောင်ကလည်း ထိုသို့ PDF နှင့် KIA ပူးပေါင်းတိုက်နိုင်ခြေရှိသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို KIA က ရှုတ်ချထားပြီး စစ်တပ်နှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။ 

စစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ ရဲစခန်းများကို KIA က မကြာခဏထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ခိုက်ခံရသည့်ထဲတွင် စစ်ကိုင်းတိုင်းဒေသတချို့လည်း ပါဝင်လာသည်။

Show More

Related Articles

Back to top button