စစ်တပ်လက်နက်စက်ရုံအနီး တည်ရှိသော မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၀ ရက်နေ့)တွင် လေယာဉ် သုံးစီးက ဗုံးကြဲခဲ့ရာ ငါးဦးသေဆုံးပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါက်မြို့၏ တောင်ဘက် ၁၆ မိုင်ခန့်အကွာ ပုသိမ် – မုံရွာလမ်းဘေးရှိ ချက်ကန်ရွာကို မကွေးလေတပ်မှ တက်လာသည့် တိုက်လေယာဉ်များက နံနက် ၁၀ နာရီခွဲကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗုံးရှစ်လုံးထက်မနည်း ကြဲချခဲ့ပြီး ဈေးဆိုင်အနီးကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၇ နှစ်အရွယ် မရွှေဝင်း၊ အသက် ၅၄ နှစ်အရွယ် မချိုကြီး၊ ၁၉ နှစ်အရွယ်များဖြစ်သော ကိုမိုးကျော်၊ မတင်မိုးလှိုင်၊ ၁၆ နှစ်အရွယ် မတင်မိုးခိုင်တို့ သေဆုံးသည်။ ကျော၊ မျက်နှာ၊ ရင်ဘတ်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာရသူ လေးဦးရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“ဆိုင်ပေါ်ကျတာ ဈေးဝယ်တွေပါသွားတယ်။ ဘာတိုက်ပွဲမှ မရှိပါဘူး။ ပြည်သူစစ်စစ်အိမ်တွေ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ပေါက်၊ ဆိပ်ဖြူမြို့နယ်တို့မှာ စစ်တပ်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) သုံးခုရှိပြီး ပေါက်မြို့နယ်တွင် အလူမီနီယမ်ကုန်ကြမ်းများ ထုတ်လုပ်သည့် အရည်ကျိုစက်ရုံ ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ်တွင် လေယာဉ်ဗုံးထုတ်သည့် ကပစ ၂၁နှင့် လက်နက်ငယ်များထုတ်လုပ်သည့် ကပစ ၂၂ တို့ အခြေစိုက်သည်။
အိမ်ခြေ ၁၀၀ နီးပါးရှိသည့် ချက်ကန်ကျေးရွာမှာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၂ နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးသည်။
“ ပုသိမ် – မုံရွာကားလမ်းဘေး အိမ်ခြေတစ်ရာဝန်းကျင်ပဲ ကပစ ၂၂ နဲ့ နီးတာ။ တော်လှန်ရေးအဖွဲ့တွေ ခြေကုပ် မယူနိုင်အောင် လုပ်တာဖြစ်နိုင်ပါတယ်”ဟု အထက်ပါ ဒေသခံက မှတ်ချက်ပြုသည်။
ပေါက်မြို့နယ်တွင်စစ်တပ်က ဇန်နဝါရီလ ဒုတိယပတ်မှ စပြီး စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၁ ရွာမှ ဒေသခံ ငါးထောင်ကျော်သည် ဘေးလွတ်ရာကျေးရွာများနှင့် တောတောင်များတွင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက ယမန်နေ့တွင် ထုတ်ပြန် ထားသည်။
စစ်တပ်က ဒီဇင်ဘာလကုန်မှ ဇန်နဝါရီလကုန်အထိ ဟန်ပြရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးနောက် တော်လှန်ရေး အားကောင်းရာ နိုင်ငံအလယ်ပိုင်းဒေသများနှင့် ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေသလို မြေပြင်စစ်ကြောင်းထိုးမီးရှို့မှုများလည်း ခပ်စိပ်စိပ်ပြုလုပ်နေသည်။
ယမန်နေ့တစ်ရက်တည်းတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ မြေပြင်တိုက်ပွဲမရှိသည့် ကျေးရွာကို ဗုံးကြဲခဲ့ရာ သက်ကြီးပိုင်း တစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၉၈ ဦးသေဆုံးခဲ့ပြီး ၃၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။



