အာဏာသိမ်းစစ်ကောင်စီ၏ ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ တတိယလှိုင်းနှင့် ကြုံနေရသည့် ပြည်သူများအတွက် လွန်စွာစိတ်ပူနေကြောင်း ရှေ့နေများမှတစ်ဆင့် သတင်းစကားပါးသည်။
“ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေ ဂရုတစိုက်နေကြဖို့ မှာပါတယ်။ သူတအားစိတ်ပူနေပါတယ်” ဟု ၎င်း၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
စစ်ကောင်စီက စွဲဆိုထားသည့် အမှုများအနက် သုံးမှုကို နေပြည်တော်ကောင်စီဝင်းအတွင်း စီစဉ်ထားသည့် အထူးတရားရုံးတွင် ယနေ့(ဇွန်၂၈) ကြားနာမှုများမစမီ ရှေ့နေအဖွဲ့နှင့် မိနစ် ၂၀ ခန့် တွေ့ခွင့်ရချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးနှင့် နေပြည်တော်တွင် ဖြစ်ပျက်နေသည့် ကိုဗစ်ရောဂါကူးစက်မှုနှုန်းကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းပြီးနောက် အလွန်ဂရုစိုက်ရန်၊ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းဖြင့် အထူးဂရုပြုကာကွယ်ကြရန် ပြည်သူတို့ကို သတင်းစကားပါးလိုကြောင်း ရှေ့နေများကို ပြောသည်။
“အရမ်းကြီးဂရုစိုက်ကြဖို့၊ အခုကာလမှာ ပိုပြီးဂရုစိုက်ကြဖို့ ပြောပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ တိုင်းပြည်ကို အုပ်ချုပ်သည့် ငါးနှစ်(၂၀၁၆-၂၀၂၀) အတွင်း ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းများ ရင်ဆိုင်ကြုံတွေ့ခဲ့ရစဉ် ၎င်းကိုယ်တိုင် ဦးဆောင်ကာ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ အထူးအလေးထားဆောင်ရွက်ခဲ့သည်။
တစ်နိုင်ငံလုံးတွင် နိုင်ငံတကာအဆင့်မီ ယာယီကုသရေး၊ စောင့်ကြည့်ရေးစင်တာများဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများစွာကလည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသလို ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ယင်းကာလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
ကိုဗစ်နိုင်တင်းကာကွယ်ဆေးကိုလည်း မြန်မာနိုင်ငံအတွင်း စောနိုင်သမျှအစောဆုံးထိုးနှံနိုင်ရန် စီမံနိုင်ခဲ့ပြီး ဦးစားပေးအဆင့်များ စနစ်တကျခွဲ၍ စီမံထားပြီးခါစ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က ၎င်းကို ဖယ်ရှား၍ ဖမ်းဆီးကာ အာဏာသိမ်းယူမှုကို ကြုံတွေ့လိုက်ရသူဖြစ်သည်။
ယင်းနောက် စစ်ကောင်စီလက်ထက်တွင် ယခင်ကထက် ပျံ့နှံ့မှုမြန်ပြီး အသက်ဆုံးရှုံးနိုင်ခြေပိုများသည့် မျိုးဗီဇအသွင်ပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးရောက်ရှိလာပြီး ကိုဗစ်တတိယလှိုင်းအသွင်ဆောင်ကာ ဇွန်လမှစ၍ ပိုးတွေ့ရှိသူဦးရေတစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။
အဆိုပါအခြေအနေတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများသည်လည်း ပုဒ်မမျိုးစုံတပ်အမှုဖွင့်ခံနေရ၍ အများအပြားထွက်ပြေးတိမ်းရှောင်နေရသဖြင့် စစ်ကောင်စီသည် ရန်ကုန်ဆေးရုံကြီးကဲ့သို့ ပုံမှန်ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုကိုပင် အချိန်ပြည့်ပေးနိုင်ရန် မစီမံနိုင်သေးပေ။
“ဗော်လန်တီယာ ဆရာဝန်အင်အား သူနာပြုအင်အား အကူပေးတဲ့အဖွဲ့အစည်းပေါ့နော်။ အလှူရှင်အင်အားလိုတယ်ပေါ့နော်။ အဓိကလိုအပ်တာတော့ ဗော်လန်တီယာ ဆရာဝန်အင်အားပေါ့နော်” ဟု ရန်ကုန်တိုင်း၊ လူထုအခြေပြုဖျားနာကုအခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။
ထို့အတူ စစ်ကောင်စီက နိုင်ငံအနှံ့ပြင်ဆင်ထားသည့် ကုသရေး၊ ကာကွယ်ရေးနေရာဌာနများမှာ NLD အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက များစွာကွာခြားနေသည့်အပေါ် ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။
“အမှန်အတိုင်းပြောရရင် ဒီလိုအခြေအနေမှာ ကိုဗစ်ဖြစ်ရင် စိတ်ပိုင်းဆိုင်ရာ ပိုဆိုးမယ်လို့ထင်တယ်။ သိတဲ့အတိုင်းပဲ ဒီအချိန်မှာ အားလုံးက စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာ ကိုဗစ်ကလည်း ဝင်လာတယ်ဆိုတော့ ပိုဆိုးသွားမယ်၊ Facility က အရင်နဲ့တခြားစီပဲ” ဟု ကိုဗစ်ကူးစက်ခံရ၍ ကုသမှုခံယူနေရသူ မနုနု(အမည်လွှဲ)က Myanmar Now ကို ပြောသည်။
ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ကူးစက်မှုများပြားသည့် ရန်ကုန်မြို့၌ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးကလည်း လူကို လူလိုသတ်မှတ်သည့်၊ စာနာသည့်အစိုးရနှင့်သာ လက်တွဲအလုပ်လုပ်ကိုင်လိုကြောင်း ပြောသည်။
“စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ချင်တဲ့စိတ်ရှိတယ်ဆိုရင် လူတွေအပေါ်တွေးပေးတဲ့စိတ်တွေ ရှိရမယ်ဗျ။ လူတွေအပေါ် မတွေးပေးဘဲနဲ့တော့ ဒီကိုဗစ်ကို ငါတို့လည်း ထိန်းချုပ်နေပါတယ်ဆိုတဲ့ ဖော်ရှိုး(ဟန်ပြ) မျိုးနဲ့တော့ အဆင်မပြေနိုင်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ကူးစက်သူ တစ်သိန်းခွဲနီးပါးရှိနေပြီး သေဆုံးသူ သုံးထောင်ကျော်အထိရှိသည်။ ပျံ့နှံ့မှုမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်နေပြီး ရန်ကုန်ကဒုတိယလိုက်ကာ ချင်းပြည်နယ်မှာ တတိယနေရာတွင် ရှိနေသည်။