စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန် မြောက်ဥက္ကလာမြို့နယ်တွင် သတင်းပေး(ဒလန်) ဆိုသော မိသားစုအသတ်ခံရမှုဖြင့် ရပ်ကွက်နေပြည်သူ ၁၆ ဦးကို စစ်ကောင်စီက ဇွန် ၂၁ တွင် သေဒဏ်ချလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။
ဒလန်ဟု စွပ်စွဲခံရသူများမှာ မြောက်ဥက္ကလာမြို့နယ် ရွှေပေါက္ကံမြို့သစ်၊ ၁၁ ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် ဦးစိန်မိုးနှင့် သားနှစ်ဦးဖြစ်သည့် ၂၄ နှစ်အရွယ် ကိုအောင်မိုးဟိန်းနှင့် ၁၉ နှစ်အရွယ် ထင်ခန့်မိုးဟိန်းတို့ဖြစ်ပြီး မတ် ၁၅ ရက်ညပိုင်းက နေအိမ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါမိသားစုသေဆုံးပြီး ရက်ပိုင်းအတွင်း၌ စစ်ကောင်စီက ရပ်ကွက်နေ မိသားစု ၇ စုမှ အမျိုးသား ၆ ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အခြားသူ ၉ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
စစ်ခုံရုံးဖြင့် နှစ်လခွဲခန့် အမှုစစ်ဆေးပြီးနောက် ဖမ်းဆီးရမိသူ ၈ ဦးနှင့် ဖမ်းဝရမ်းထုတ်ထားသူ ၉ ဦး ပေါင်း ၁၇ ဦးအနက် ၁၆ ဦးကို လူသတ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁) (ခ)/၃၄/၄၃၆ ဖြင့် သေဒဏ်ချမှတ်ကာ ကျန်တစ်ဦးကို အလောင်းဖျောက်ဖျက်ပေးသည်ဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၂၀၁/၁၀၉ ဖြင့် ထောင် ၇နှစ်ချမှတ်ခဲ့သည်။
သေဒဏ်ကျသူများအနက် အမျိုးသား ၉ ဦးမှာ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စစ်ကောင်စီ၏ ဇွန် ၂၃ ရက်ထုတ် ဝါဒဖြန့်သတင်းစာများ၌ ဖော်ပြထားသည်။
“လုပ်သွားတဲ့ တရားခံအစစ်တွေကို ဖမ်းလို့မမိတဲ့အနေအထားမှာ သူနဲ့က အရင်တုန်းက ပြဿနာဟောင်းလည်းရှိတော့ ဆွဲပြီးတော့ ခေါင်းစဉ်တပ်လိုက်တာမျိုးပဲ” ဟု သေဒဏ်ချမှတ်ခံရသူတစ်ဦး၏ မိသားစုဝင်က Myanmar Now ကို ပြောသည်။
လှိုင်သာယာမြို့နယ်မှ ပြောင်းရွှေ့လာသော လူမိုက်တစ်ဦးဟု ရပ်ကွက်အတွင်း ကြွေးကြော်ခဲ့သူ ဦးစိန်မိုးမှာ အခင်းမဖြစ်ပွားမီက ရပ်ကွက်နေပြည်သူအချို့နှင့် ခိုက်ရန်ဖြစ်ဖူးကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။
သို့သော် ဦးစိန်မိုး၏ နေအိမ်သို့ ဓားဖြင့် ဝင်ခုတ်သူများမှာ စစ်ကောင်စီစွပ်စွဲသလို ရပ်ကွက်အတွင်းမှ မဟုတ်ဘဲ အခင်းဖြစ်သည့်နေ့တွင် ပြင်ပမှ ကားတစ်စီးဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အဲဒီလို ရန်ဖြစ်ပြီး သုံးပတ်လောက်ကြာမယ်ထင်တယ်ဗျ။ Hijet ကားနဲ့ လူအချို့က ရပ်ကွက်ထဲလာပြီး အဲဒီလူနေတဲ့အိမ်ကို အကဲခတ်တယ်။ နောက်နှစ်ရက်လောက်ကြာတော့ အဲဒီကားလေးနဲ့ပဲ လာပြီး အဲဒီလူ( ဦးစိန်မိုး) အိမ်ကိုဝင်ပြီး ဓားတွေနဲ့ ဝင်ခုတ်သွားတယ်။ ပြီးလည်းပြီးရော ဓားတွေ ကားပေါ်တင်ပြီး ပြန်မောင်းထွက်သွားကြတာ” ဟု အဆိုပါရပ်ကွက်နေ ပြည်သူက ဆိုသည်။
ဦးစိန်မိုးသေဆုံးမှုကို ရပ်ကွက်ဒလန်ဟု နာမည်ကျော်၍ အသတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ဇနီးထံမှ မှတ်ချက်ရရန် Myanmar Now က ကြိုးစားဆက်သွယ်နေသော်လည်း မရသေးပေ။
စစ်ခုံရုံး၏ ဆုံးဖြတ်ချက်ကို အမိန့်ချပြီး ၁၅ ရက်အတွင်း အယူခံဝင်ခွင့်ရှိသဖြင့် ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု သေဒဏ်ချခံရသူတို့၏ မိသားစုဝင်အချို့က ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန်တိုင်း မြို့နယ် ၆ ခုတွင် ဇွန် ၂၄ ရက်အထိ သေဒဏ်ချမှတ်ခံထားရသူ ၆၄ ဦးရှိသည်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် ပူးတွဲကောက်ခံသည့် စာရင်းအရသိရကြောင်း RFA သတင်းတစ်ရပ်က ဆိုသည်။
အဆိုပါစာရင်းအရ မြောက်ဥက္ကလာပမြို့နယ်တစ်ခုတည်း၌ပင် စစ်ခုံရုံးက သေဒဏ်ချမှတ်သူ(၃၆)ဦးအထိရှိနေပြီး မြို့နယ်အလိုက်အများဆုံးဖြစ်သည်။ ရန်ကုန်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များကို မတ်လလယ်ပိုင်းကတည်းက စစ်အုပ်ချုပ်ရေးကြေညာထားခြင်းဖြစ်သည်။
AAPP ၏ ဇွန် ၂၆ စာရင်းအရ စစ်ကောင်စီက ဖမ်းမမိဘဲ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၀ ဦးအထိရှိကြောင်း သိရသည်။