သတင်း

ကျောက်တော်မြို့ စစ်သား ၂၀ ခန့်ထံမှ AA က လက်နက်သိမ်းဆည်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားတွင် တပ်စွဲထားသည့် စစ်တပ်ကို ယမန်နေ့ (ဇွန် ၂၆) ညတွင် ရက္ခိုင့်တပ်တော် AA က ဝင်ရောက်စီးနင်းပြီး လက်နက်များသိမ်းဆည်းသွားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇွန် ၂၆) ည ၁၂ နာရီခန့်က မဟာမုနိဘုရားတွင်တပ်စွဲထားသည့် အင်အား ၂၀ ခန့်ရှိသည့် စစ်တပ်ကို AA က အင်အားအလုံးအရင်းနှင့် ဝိုင်းပတ်ပိတ်ဆို့ပြီးနောက် လက်နက်ချခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်သားများထံမှ လက်နက် ၂၀ ထက်မနည်းကို သိမ်းဆည်းပြီးနောက် AA  တပ်ဖွဲ့ဝင်များက ဘုရားဝင်းမှ  ပြန်လည်ဆုတ်ခွာသွားသည်ဟု ကြားရကြောင်း ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက ပြောသည်။

“ကျွန်တော်ထင်တာကတော့ ဘုရားဝင်းထဲမှာ လက်နက်တကားကားနဲ့ တပ်စွဲထားတဲ့အတွက် AA ကနေပြီးတော့ ဆုံးမလိုက်တဲ့သဘော ထင်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရအရာရှိ ခိုင်သုခကို ဆက်သွယ်မေးမြန်းသည့်အခါတွင် ဖြစ်စဉ်အတိအကျကို အတည်ပြုခြင်းမရှိသော်လည်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော်ကြား အဆိုပါပြဿနာကို ဖြေရှင်းပြီးဖြစ်သည်ဟု ဆိုသည်။

 “လူငယ်သဘာဝပြဿနာတစ်ခု ဖြစ်တာတော့ရှိတယ်။ ဒါပေမယ့်လို့ အဲဒါကို ကျွန်တော်တို့နှစ်ဖက် ပြေပြေလည်လည်နဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းလိုက်ပြီးပြီ။ အခုကတော့ အကုန်လုံး အေးအေးဆေးဆေးဖြစ်သွားပြီ” ဟု ခိုင်သုခက ပြောသည်။

လက်ရှိတွင် သိမ်းဆည်းထားသည့် လက်နက်များပြန်ပေးမပေးနှင့် AA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားမသွားဆိုသည့် ဖြစ်စဉ်အသေးစိတ်ကို မသိရပေ။

ယနေ့ (ဇွန် ၂၇) နံနက်အစောပိုင်း မဟာမုနိဘုရားအနီးတွင် ရဲနှင့် စစ်သားတချို့ကိုသာ တွေ့ရသော်လည်း မွန်းလွဲ  ၁ နာရီခန့်တွင်မူ စစ်ကား ၇ စီးနှင့် စစ်သားများ ဘုရားအနီး ရောက်ရှိလာသည်ဟု ဒေသခံများက မြင်တွေ့ခဲ့ရသည်။

ထို့နောက် ဈေးဆိုင်များ ပုံမှန်ပြန်ဖွင့်နေသော်လည်း ဘုရားဖူးများ မရှိသလောက်နည်းသွားသည်ဟု မဟာမုနိဘုရားသို့ ဘုရားဖူးသွားခဲ့သည့် ကျောက်တော်ဒေသခံနောက်တစ်ဦးက ပြောသည်။

ယခင်က တပ်စွဲထားလေ့ရှိသော ကျောက်တော်မြို့ တံတားတစ်ဖက်တစ်ချက်တွင် ယနေ့ မနက်၌ စစ်သားများကို မတွေ့ရတော့ကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်မြို့အရှေ့ဘက် ကုလားတန်မြစ် တစ်ဖက်ကမ်းရှိ ကျောက်တော်တောင်ဘုရားတွင်လည်း စစ်တပ်က တပ်စွဲထားသည်ဟု သိရသည်။ 

ရခိုင်ပြည်နယ်တွင် စစ်တပ်က ဘုရားဝန်း၊ စေတီနှင့် သာသနာနယ်မြေတောင်ကုန်းများတွင် တပ်စွဲထားလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ၌ စတင်ပြင်းထန်လာသည့် ရခိုင်တိုက်ပွဲများတစ်လျှောက်လည်း သာသနာ့နယ်မြေများတွင် တပ်စွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

အထွေထွေရွေးကောက်ပွဲကျင်းပသည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှစ၍ ရက္ခိုင့်တပ်တော်နှင့် စစ်တပ်တို့အကြား နားလည်မှုနှင့် တိုက်ပွဲများရပ်တန့်ထားခဲ့ကာ ယခုဖြစ်စဉ်သည် နှစ်ဖက်လက်နက်ကိုင်များအကြား ပထမဆုံး ပြန်လည်ထိတွေ့မှုဖြစ်သည်။

နှစ်နှစ်တာ စစ်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ၈ လခန့်သာ ရှိသေးပြီး ရွာအနီး စစ်တပ်က တပ်စွဲခြင်း၊ မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ကြီးအန္တရာယ်များ ရှိနေခြင်းတို့ကြောင့် သိန်းချီသော စစ်ရှောင်များသည် နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေကြရသည်။ 

Show More

Related Articles

Back to top button