သတင်း

မန္တလေး ပြည်ကြီးတံခွန်တွင် ရာအိမ်မှူးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (စ)ဈေးအနီးတွင် ယနေ့(ဇွန်၂၆) နံနက် ၇ နာရီခန့်က စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

ပြည်ကြီးတံခွန်မြို့နယ် ၅၈x ၅၉ လမ်းကြား၊ ၅၈ (C) လမ်းကျဉ်းအတွင်း ထထရပ်ကွက် ရာအိမ်မှူး ဦးညိုအေးမှာ ယနေ့ နံနက်ပိုင်းတွင် ဓားဖြင့်ထိုးခံရ၍ ဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ရကြောင်း မြို့ခံအချို့က အတည်ပြုသည်။

“အူတွေ ဘာတွေလည်း ထွက်ကျနေတယ် ပြောတယ်။ ဆွမ်းခံကြွတဲ့ ဘုန်းကြီးလိုက်ပို့တာ။ ဘုန်းကြီးက အိမ်ထဲမှာ ဆွမ်းခံနေတုန်း သူက အပြင်မှာ ဆိုင်ကယ်နဲ့ စောင့်နေတာ။ စောင့်နေတုန်း ဓားနဲ့ထိုးသွားတာ။ ဘယ်သူကလုပ်လိုက်လဲ မသိကြဘူး”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

၅၈ (C) လမ်းကျဉ်းအတွင်းရှိ ခွေးများမှ ရန်လိုတတ်သဖြင့် ဦးညိုအေးက အော်ဟစ်အကူအညီတောင်းချိန်တွင် ခွေးကိုက်ခံရသည်ထင်ကာ မည်သူမျှသတိမမူမိခဲ့ဟုလည်း ၎င်းက ဆက်ပြောသည်။

အခင်းဖြစ်ပွားအပြီး ထိုနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာကာ သေနတ်များပစ်ဖောက်ခြင်း၊ လမ်းအတွင်း ဝင်ရောက်စစ်ဆေးခြင်း၊ CCTV တပ်ဆင်ထားသည့် နေအိမ်များကို စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မြို့ခံအချို့ထံမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မန္တလေးမြို့တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများရှိနေသည့်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ပြုလုပ်လေ့ရှိပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။ 

ပြီးခဲ့သည့် မေ ၂၂ရက်က မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ PDF တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည့်နည်းတူ စစ်ကောင်စီဘက်တွင်လည်း ဗိုလ်မှူးကြီးအဆင့်အရာရှိအပါအဝင် သေဆုံးသူအချို့ ရှိခဲ့သည်။ 

Show More

Related Articles

Back to top button