သတင်း

ခေါင်းဆောင် အဖမ်းခံရခြင်းမရှိဟု မန္တလေး PDF ပြော

မန္တလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ဗိုလ်ထွန်းတောက်နိုင်သည် လုံခြုံသည့်နေရာတစ်ခုတွင် ဆက်လက်တာဝန်ယူနေဆဲဖြစ်သည်ဟု ၎င်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန်၂၃ ညပိုင်းတွင် ဗိုလ်ထွန်းတောက်နိုင်နှင့် အဖွဲ့ဝင် ၃ဦးတို့ကို လက်နက်များနှင့်အတူ ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းထွက်နေသည့်အတွက် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ တခြားအဖွဲ့တစ်ဖွဲ့ပါ။ ဗိုလ်ထွန်းတောက်နိုင်အဖမ်းခံရတာကိုလည်း မဟုတ်ဘူးလို့ပဲ ဖြေမှာပါ”ဟု အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဗိုလ်ထွန်းတောက်နိုင်သည် ၎င်းတို့နှင့်အတူရှိနေကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာအခက်အခဲတချို့ကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် အဖွဲ့၏ Facebook စာမျက်နှာကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်လုံးကို ဇွန် ၂၂ နံနက်အစောပိုင်း၌ စစ်တပ်နှင့် ရဲက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ PDF ၈ ဦးသေဆုံး၍ ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

သို့သော် သေဆုံးသူများအနက် ၄ ဦးသည် PDF များမဟုတ်ဘဲ သာမန်အရပ်သားများသာဖြစ်ကြောင်း ၎င်းတို့မိသားစုဝင်များက ယမန်နေ့ (ဇွန်၂၃) တွင် ထုတ်ဖော်ပြောဆိုထားသည်။ 

စစ်ကောင်စီဘက်မှာလည်း အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၎င်းတို့ဘက်မှ အဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးခံရကာ အဆိုပါရုံးခန်းအဆောက်အအုံကို လက်လွှတ်လိုက်ရသည်ဟု PDF က ဆိုသည်။ 

မန္တလေးမြို့ပေါ်တွင် PDF က ခုခံပစ်ခတ်ခဲ့ခြင်းမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီကသာ ဥပဒေမဲ့လုပ်ရပ်များ၊ သတ်ဖြတ်မှုများပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူလူထုအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခုခံရန်အတွက် လိုအပ်လျှင် လိုအပ်သလို ပြန်လည်တုံ့ပြန်ဆောင်ရွက်ခြင်းသည် ဥပဒေက ပေးအပ်ထားသည့် ပြည်သူလူထု၏ အခွင့်အရေးဖြစ်သည်ဟု NUG က ဆိုသည်။ 

စစ်ကောင်စီကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁) ကို ဇွန် ၂၃ တွင် ပြုလုပ်ကာ CRPH, NUG တို့၏ လက်အောက်ခံ PDF နှင့် အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို တိုက်ဖျက်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့ကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့သည့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ဒေသအသီးသီးမှ လူငယ်များသည် PDF အဖွဲ့များဖွဲ့စည်းကာ စစ်ကောင်စီကို တော်လှန်နေကြရခြင်း ဖြစ်သည်။

ရွာများအတွင်း တပ်စွဲကာ မွှေနှောက်ရှာဖွေဖျက်ဆီးခြင်း၊ ဒေသခံတို့ကို အကြမ်းဖက်သမားဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ စစ်ကောင်စီတပ်က ကျူးလွန်နေသည်။ 

Show More

Related Articles

Back to top button