သတင်း

မန္တလေး ကားပေါ်တွင် သေဆုံးသည့် လူငယ် ၄ ဦး PDF အဖွဲ့ဝင်မဟုတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ကားတစ်စီးအတွင်း သေဆုံးခဲ့သည့် လူငယ် ၄ ဦးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ မဟုတ်ဘဲ သာမန်အရပ်သားများသာဖြစ်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်များက ပြောသည်။ 

ယမန်နေ့ (ဇွန် ၂၂) နံနက်ကိုင်း မန္တလေးမြို့ နေအိမ်တစ်ခုကို သွားရောက်စစ်ဆေးစဉ် အပြန်အလှန်ပစ်ခတ်ကြရာ PDF တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ၅၃ လမ်း၌ ပစ်ခတ်သည့် မော်တော်ယာဉ်တစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာ အဆိုပါယာဉ်မှာ လမ်းဘေး ထရန်စဖော်မာကို ဝင်တိုက်ပြီး ယာဉ်ပေါ်ပါ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်တပ်က နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ 

သေဆုံးသွားသူ အသက် ၂၅ နှစ်အရွယ်ရှိ မိုင်းနိုင်လိုင်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ မိုင်းအိုက်နိုင်က ၎င်းလူငယ်များသည် စဉ့်ကိုင်မြို့ရှိ ကြက်ခြံသို့အသွား စစ်တပ်က နောက်မှ လိုက်လံပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

“ကားထဲမှာပါတဲ့ ၄ ယောက်လုံးက PDF နဲ့ မသက်ဆိုင်ပါဘူး။ တိုက်ပွဲစဖြစ်တဲ့အချိန်နဲ့ သွားတိုးလို့ နောက်ပြန်ဆုတ်တော့ ဟိုဟာ(စစ်သား)တွေက လိုက်ပစ်တာ” ဟု မိုင်းအိုက်နိုင်က ပြောသည်။ 

“(ရုပ်အလောင်းတွေထားတဲ့) ဆေးရုံကြီးမှာလည်း စစ်သားတွေရှိနေတော့ အလောင်းလည်း သွားပြန်မယူရဲသေးဘူး။ ဘယ်လိုဆက်လုပ်ရမလဲပဲ စောင့်ကြည့်နေရတယ်”  

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှ  မိုင်းနိုင်လိုင်သည် ဇွန် ၆ တွင် မင်္ဂလာဆောင်ပြီးနောက် ကြက်မွေးမြူရေးလုပ်ငန်းလုပ်ရန် မန္တလေးသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ကားပေါ်ပါ အခြား ၃ ဦးမှာ  မိုင်းနိုင်ထွန်းကြည်၊ မိုင်းချစ်ဆွေနှင့် တရုတ်လူမျိုး ကိုအားတီတို့ ဖြစ်ကြပြီး ရှမ်းပြည်နယ် သီပေါနှင့် နမ့်ခမ်းမြို့တို့မှ လာသူများဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် မိုင်းချစ်ဆွေမှာ ယခင်က သီပေါမြို့တွင် နေထိုင်ပြီး ၎င်းဖခင်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်သတ်ခဲ့သည့်အတွက် မန္တလေးမြို့သို့ ပြီးခဲ့သည့်နှစ်အနည်းငယ်ကမှ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ အစ်မဝမ်းကွဲတော်စပ်သူတစ်ဦးက ပြောသည်။

၎င်းတို့မိသားစုဝင်များမှာ ရှမ်းပြည်ထွက်သီးနှံများကို မန္တလေးသို့ ပို့ဆောင်ရောင်းချနေကြသူများဖြစ်သည်ဟု ဆိုသည်။

“မနေ့ကတော့ မီဒီယာတွေမှာပါပေမဲ့ မသိဘူး။ ဒီနေ့မှ ကျွန်မတို့မိသားစုဝင် ပါတယ်ဆိုတာ သိရတာ၊ သူတို့က PDF တွေလည်း မဟုတ်ပါဘူး” ဟု ၎င်း၏ အစ်မဝမ်းကွဲတော်စပ်သူက ပြောသည်။

စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်ခဲ့ကြရကြောင်းကို မိသားစုများက များမကြာမီ သိသွားကြသည်ဟု သေဆုံးသွားသူများထဲမှ တစ်ဦး၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

“ကားနံပါတ်ကို မြင်လိုက်တော့ ကားနံပါတ်က သူတို့အိမ်က ကားဆိုတော့ သေချာသွားတာပေါ့” ဟု ထိုသူက ပြောသည်။ 

“စစ်တပ်ကလည်း သူတို့အရာရှိတွေဘာတွေ ကျသွားတဲ့အခါကျတော့ မဲပြီးတော့ လိုက်တာ။ အခုအချိန်လောက်ဆို သူတို့လည်း PDF မဟုတ်ဘူးဆိုတာ သိလောက်မှာပါဗျာ။ ဒါပေမဲ့ လက်ရှိ စစ်တပ်က လုပ်နေကျပုံစံမျိုးအတိုင်း သတင်းထုတ်ပြန်ချက်မှာ ဆက်ပြီးထုတ်နေတာပဲ ဒါ PDF ပါဆိုပြီး။ သူတို့ခေါင်းရှောင်တဲ့အနေအထားလို့ မြင်နေရတယ်”  

ထရန်စဖော်မာကို ဝင်တိုက်၍ သေဆုံးသည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း ထိုလူငယ် ၄ ဦးသည် စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့် သေဆုံးသည်ဟု မိသားစုဝင်များက ယူဆနေကြောင်း ၎င်းက ဆက်ပြောသည်။ 

မန္တလေး PDF အဖွဲ့ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင်က အဆိုပါ ပစ်ခတ်မှုအတွင်း PDF အဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦး ဖမ်းဆီးခံရကာ အဆိုပါရုံးခန်းအဆောက်အအုံကို လက်လွှတ်လိုက်ရသည်ဟု ယမန်နေ့က Myanmar Now ကို ပြောထားသည်။

သို့သော် စစ်ကောင်စီက ထုတ်ပြန်သလို ပါဂျဲရိုးကားပေါ်ပါ သေဆုံးသူ ၄ ဦးမှာ PDF အဖွဲ့ဝင်များမဟုတ်ကြောင်း ဗိုလ်ထွန်းတောက်နိုင်က ပြောသည်။ 

ယမန်နေ့က မန္တလေးပစ်ခတ်မှုဖြစ်စဉ်များအတွင် PDF တပ်ဖွဲ့ဝင်များကို ကူညီသည့်အနေဖြင့် ပြည်သူအချို့က မန္တလေးမြို့ပေါ်ရှိ လမ်းများပေါ်တွင် ကားတာယာများကို မီးရှို့ကာ လမ်းများပိတ်ဆို့ခဲ့ကြသည်။

စစ်ကောင်စီက တပ်အင်အားအများအပြားကို အသုံးပြုကာ မန္တလေးမြို့တွင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးပြီး သံချပ်ကာကားများဖြင့် မြို့တွင်းလှည့် အင်အားပြခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button