သတင်း

ဒီးမော့ဆိုမြို့နယ် ဒေသခံ တစ်ထောင်ကျော် အမိုးအကာနှင့်ဆေးဝါး လိုအပ်နေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် လီဝိုးကျေးရွာဒေသခံ တစ်ထောင်ကျော်သည် စစ်ရှောင်နေကြရသောကြောင့် မိုးကာ၊ အခင်းနှင့် ဆေးဝါးပစ္စည်းများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံတို့က ပြောသည်။

မိုးကျလာပြီဖြစ်သောကြောင့် ပိုမိုခက်ခဲနေသည်ဟု စစ်ရှောင်တစ်ဦးဖြစ်သော ကိုမောင်ဝိုးက ပြောသည်။

“ကျွန်တော်တို့ရွာမှာက ထောက်ပံ့တဲ့အဖွဲ့တွေ မရောက်ဘူး။ အခုက အမိုးအကာမရှိ၊ (အမိုးကာ) ရှိတဲ့လူတချို့ကလည်း အဟောင်းလေးတွေ ရှာမိုးရတယ်။ အမိုးအကာမရှိတော့ ကလေးလူကြီး အအေးမိ၊ ဝမ်းပျက်ဝမ်းလျှော လေအောင့်တာတွေ ဖြစ်နေကြပြီ” ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုမြို့အနီး တိုက်ပွဲများကြောင့် မြို့မှ ၁၀ မိုင်ခန့်အကွာရှိ ထိုရွာတွင် လူအနည်းငယ်သာ ချန်ကာ မိသားစု ၄၀၀ ကျော်မှ လူ ၁၅၀၀ ကျော် နီးပါးသည် မေလကုန်ကတည်းက ဘေးလွတ်ရာ တောတောင်များထဲသို့ သွားရောက် ခိုလှုံနေကြခြင်း ဖြစ်သည်။

ဆင်တောင်ကျေးရွာအုပ်စုအတွင်း တည်ရှိသည့် အဆိုပါရွာမှ ဒေသခံတို့သည် မေလဆန်းက တစ်ကြိမ်တိမ်းရှောင်ခဲ့ပြီး ယခု ဒုတိယအကြိမ် တိမ်းရှောင်နေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ကြာမြင့်နေပြီ ဖြစ်သည်။ 

မေလတတိယပတ်မှစ၍ ကရင်နီ ခေါ်​ ကယားပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုတို့တွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နယ်မြေထိစပ်နေသော ရှမ်းပြည်နယ် မိုးဗြဲနှင့် ဖယ်ခုံတို့တွင်ပါ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 

လတ်တလောတွင် အဆိုပါ ၄ မြို့နယ် ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တချို့ အပစ်ရပ်စဲထားသော်လည်း စစ်ရေးအခြေအနေ တင်းမာနေသည်။ 

တိုက်ပွဲ ဆက်ဖြစ်လာမည့်အခြေအနေရှိသောကြောင့် ရေရှည်ရှောင်တိမ်းရမည်ဆိုပါက စစ်ရှောင်နေရသော လူ ၁၅၀၀ ကျော်အတွက် အစားအသောက် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းစဉ်ကတည်းက ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ဆန္ဒပြပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့၍ ဒေသခံလူငယ်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းပြီး ပြန်လည်ခုခံကြသည်။

ထို့ကြောင့် စစ်ကောင်စီလက်နက်ကိုင်များက တိုက်ခိုက်ရေးလေယာဉ်၊ တာဝေးပစ်အမြောက်လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့ကာ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့သည့် ရိက္ခာဆေးဝါးများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ကယား (ကရင်နီဒေသ) ပြည်နယ်၌ စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်ခြင်းကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များတွင် ပြည်သူအများအပြား ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နေအိမ်နှင့် ပစ္စည်းများ လုယူဖျက်ဆီးခံရခြင်းနှင့် ရင်ဆိုင်နေရသည်။ 

အထူးသဖြင့် မိုးဗြဲနှင့် ဒီးမော့ဆိုတွင် လူအသေပျောက်အများဆုံးဖြစ်ပြီး လူ ၂၀ ခန့် သေဆုံးသည်ကို Myanmar Now က အတည်ပြုနိုင်ခဲ့သည်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူတစ်ဦးကမူ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅၀ ခန့် သေဆုံးနိုင်ကြောင်း ခန့်မှန်းထားသည်။

လက်ရှိတွင် ကယားပြည်နယ်တစ်ခုလုံး၌ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ တစ်သိန်းကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒီးမော့ဆိုမြို့သည် တိုက်ပွဲအများဆုံးဖြစ်ခဲ့ပြီး တစ်မြို့လုံးနီးပါး ပျက်စီးကာ ဇွန် ၁၅ ရက်တွင် စစ်ရှောင်သူတချို့ နေရပ်ခဏပြန်လာကြစဉ် အမည်မသိရုပ်အလောင်းများ မြို့ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ခဲ့ရသည်။ 

စစ်ကောင်စီကမူ ၎င်း၏ တပ်များက အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်နေရသည်ဟု ကြေညာထားသည်။  

ရွာသားများထွက်ပြေးရခြင်းနှင့် ပတ်သက်၍မူ သတင်းအမှောင်ချထားသည်။

Show More

Related Articles

Back to top button