သတင်း

မန္တလေးတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် အပြန်အလှန်ပစ်ခတ်နေ

မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Mdy) ရုံးခန်းများကို စစ်တပ်နှင့် ရဲက ယနေ့ (ဇွန် ၂၂) နံနက်၌ ဝင်ရောက်စီးနင်းရာ PDF တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေသည်။

ယနေ့နံနက် မနက် ၈ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်ရှိ PDF များအခြေစိုက်ရာ နေရာနှစ်ခုကို စစ်ကား၊ ရဲကား အစီးရေ ၂၀ ခန့်ရောက်ရှိလာပြီး ပစ်ခတ်စီးနင်းခဲ့ခြင်း ဖြစ်သည်။ 

“အမှန်က သူတို့က အနံ့ရလို့ရောက်လာတာ။ ကျွန်တော်တို့က ကြိုသိသွားတော့ အသာစီးရသွားတာ၊ ခုထိပစ်နေတုန်းပါ။ ပြည်သူတွေတော့ ဘေးလွတ်ရာရွှေ့နေကြပါပြီ။ ကျွန်တော်တို့က မဆုတ်သေးပါဘူး။ ဆက်တိုက်သွားမှာ” ဟု PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က Myanmar Now ကို ပြောသည်။

“လောလောဆယ် သူတို့ဘက်က အထိနာနေတယ်။ ကျွန်တော်တို့ဘက်က အဖမ်းအဆီးအကျအဆုံး ဘာမှမရှိသေးဘူး။ တချို့ကိုလည်း ဘေးလွတ်ရာရွှေ့နိုင်ပြီ” ဟု ၎င်းက ဆိုသည်။ 

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(PDF)က ပြောက်ကျားတိုက်ခိုက်ရေးသမားများသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးရုံးများ၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းအဆောက်အအုံများနှင့် လုံခြုံရေးယူနေသော ရဲနှင့် စစ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများရှိခဲ့သည်။ 

ပြီးခဲ့သည့် ဇွန် ၁ တွင် ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သလို ဇွန် ၈ တွင်လည်း ရဲနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

“ကျွန်တော်တို့ စစ်ကြေညာလိုက်ပြီ။ ကျွန်တော်တို့စောင့်နေတဲ့နေ့ကို ရောက်ပြီ”ဟု ဗိုလ်ထွန်းတောက်နိုင်က ဆက်ပြောသည်။

ယနေ့ နံနက် ၉ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းရာတွင် “အခု တိုက်ထဲကနေ ပစ်နေသူတွေ ပါသွားပြီ။ အပြင်က ဝိုင်းထားပြီးပစ်နေတုန်းပါ။ ပါသွားတဲ့အင်အား မသိရသေးပါဘူး။ ကျွန်တော်တို့ မြို့ထဲ အများကြီးဖြန့်ကြက်ထားတာပါ။ လက်တစ်ချောင်းပါသွားတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။ 

Show More

Related Articles

Back to top button