အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီဒေသတိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သား ၂၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့ 

ဒီးမော့ဆိုမြို့နယ်အပါအဝင် ကရင်နီဒေသ (ကယားပြည်နယ်) ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရသည့် အရပ်သား ၂၀ ဦးထက်မနည်းရှိကြောင်း ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတို့က ထုတ်ဖော်ပြောကြားသည်။

ဒီးမော့ဆိုမြို့၌ မေ ၂၁ ရက်က စတင်ဖြစ်ပွားခဲ့သည့် ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲများသည် လွိုင်ကော်နှင့် ရှမ်းကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များအထိပါ ကူးစက်ခဲ့သည်။

တိုက်ပွဲအများဆုံးဖြစ်ပွားသည့် ဒီးမော့ဆိုမြို့နယ်တွင် အရပ်သားသေဆုံးရမှုလည်း များပြားကြောင်း ဒီးမော့ဆိုအခြေစိုက် စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၁၅ ရက်တွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ဒီးမော့ဆိုမြို့ပေါ်သို့ စစ်ရှောင်နေသူများ ပြန်ရောက်လာချိန်တွင် လမ်းဘေး၊ နေအိမ်ဝင်းနှင့် စာသင်ကျောင်းများ၌ ပုပ်ပွသေဆုံးနေသည့် အမည်မသိရုပ်အလောင်းများ တွေ့ရကြောင်း ၎င်းက ဆိုသည်။

ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တဝိုက်နှင့် ငွေတောင်ဆည်အနီးတွင် ရုပ်အလောင်း ၁၂ လောင်းနှင့် မိုးဗြဲတွင် ရုပ်အလောင်း ၇ လောင်း တွေ့ရှိထားသည်ဟု အထက်ပါ စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။ 

ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူတစ်ဦးကမူ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅၀ ပတ်ဝန်းကျင် သေဆုံးနိုင်ကြောင်း ခန့်မှန်းသည်။

“လက်နက်ကြီးနဲ့ တအားပစ်တော့ အဲဒီမှာ ထွက်ပြေးမနိုင်တဲ့သူတွေ ပိတ်မိတဲ့သူတွေ အကုန်လုံးထိခိုက်ပြီးတော့ အခုမှ သေကျေကုန်တာကို မြင်နေရတာပေါ့၊ တွေ့တာပေါ့။ အများကြီးလည်း သေကျေကြပါတယ်။ နာမည်မသိ၊ လူမသိ၊ ပုပ်ပွပြီးတော့ ခွေးတွေဘာတွေဆွဲနဲ့ မကောင်းဘူးပေါ့ဗျာ” ဟု KNPP တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များသည် တိုက်ပွဲကာလ၌ ဒီးမော့ဆိုမြို့ပေါ်၌ တွေ့ရှိသူအားလုံးကို ပစ်ခတ်သတ်ဖြတ်သည့် အခြေအနေပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကယားပြည်နယ်အခြေစိုက်သတင်းဌာန ကန္တာရ၀တီတိုင်း(မ်)က ယမန်နေ့တွင် ငွေတောင်အထကကျောင်းဝင်းတစ်ခုအတွင်း၌ ပုပ်ပွသေဆုံးနေသည့် အလောင်းလေးလောင်းတွေ့ရှိရသည်ဟု ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။ 

ဒီးမော့ဆိုမြို့ပေါ်၌ တွေ့ရှိရသည့် ပုပ်ပွသေဆုံးနေသည့် ရုပ်အလောင်းများကို ဒေသခံများ၏ အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့ရပြီး သေဆုံးသူများသည် နောက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဒီးမော့ဆို၊ လွိုင်ကော်နှင့် မိုးဗြဲမြို့များ၌ သုံးပတ်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးပစ်ကူရယူကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများကြောင့် ဒီးမော့ဆိုမြို့ခံများအပါအဝင် ကရင်နီဒေသခံ တစ်သိန်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

သုံးပတ်ကျော်ကြာမြင့်ခဲ့သည့် ကရင်နီဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့များလည်း အထိနာခဲ့ပြီး ရာနှင့်ချီ၍ သေဆုံးခဲ့ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button