မြန်မာစစ်တပ်၏ ဒုဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ခိုင်ရေးထိပ်ပိုင်းပါတီခေါင်းဆောင် ဦးလှဆွေက မြန်မာကိုယ်စားလှယ် အဖွဲ့အနေဖြင့် ဂမ်ဘီယာကိုယ်စားလှယ်များကို ICJ တရားခွင်တွင် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားခဲ့ရန် ဇန်နဝါရီလ ၁၆ ရက်တွင် ၎င်း၏ TikTok မှတဆင့် ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့သည်။
စစ်ကော်မရှင်က နိုင်ငံတကာတရားရုံး ICJ သို့စေလွှတ်သည့် မြန်မာအဖွဲ့၏ခေါင်းဆောင် ဦးကိုကိုလှိုင်အနေဖြင့် ဂမ်ဘီယာကိုယ်စားလှယ်များအား ဘောင်းဘီဇစ်လှစ်ဟပြရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက အကြံပေးသည်။
၁ မိနစ် ၁၉ စက္ကန့်ကြာသည့် TikTok ရုပ်သံတွင် ဦးလှဆွေက “အကိုကြီးဦးကိုကိုလှိုင်တို့အဖွဲ့ တရားရုံးမှာ လျှောက်လဲစရာရှိတာ၊ လျှောက်လဲပြီးတာနဲ့ ပြန်တော့မယ့်အချိန်မှာ ဂမ်ဘီယာအဖွဲ့ကို ကျွန်တော်ပေးတဲ့ အကြံလေးလုပ်ခဲ့ပါဦး” ဟုပြောကြားခဲ့ပြီး သူ၏အနောက်တွင်ချိတ်ဆွဲထားသည့် ဘောင်းဘီဆီသို့ ဆက်လက်ထွက်ခွာသွားသည်။ ထို့နောက်ဘောင်းဘီဇစ်ကို ဖွင့်လှစ်ပြပြီး ‘(ဂမ်ဘီယာအဖွဲ့ကို) အဲ့ဒါမျိုးလေးလုပ်ပြခဲ့ပါဦး’ ဟု၎င်းက ဆိုသည်။

အဆိုပါတိုက်တွန်းချက်သည် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို မုဒိမ်းကျင့်ခြင်းအပါအဝင် လူမျိုးသုဉ်းသတ်ဖြတ်ကြောင်း စွပ်စွဲချက်များကို ဖြေရှင်းနေရသည့် တရားခွင်တွင်ပင် နောက်ထပ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုထပ်မံကျူးလွန်ရန် လှုံ့ဆော်မှုတစ်ခုဖြစ်လာသည်။
အသက် ၆၅ နှစ်အရွယ် ဦးလှဆွေသည် စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော် ဥက္ကဋ္ဌလည်းဖြစ်သည်။ သူသည် စစ်တပ်ကြိုးကိုင်သည့် ၂၀၁၀ နှင့် ၂၀၂၅ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်သည့် အစိုးရ၏ရုံးများကို အမေရိကန်က ဗုံးလာကြဲ၍ အကုန်သေလျှင် အေးရောဟုပြောခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က ဖြင့် အမှုဖွင့်ခံရရာ တစ်နှစ်ကျော်ကြာ ဝရမ်းပြေးခဲ့ပြီးမှ ဦးလှဆွေက ဖမ်းဆီးခံခဲ့သည်။
သို့သော် စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးနောက် ဦးလှဆွေကို ပြန်လွှတ်ပေးခဲ့သည်။



