ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းလာပြီး တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားသည့် ရဲနှင့် စစ်သားများကို အပြုသဘောဆောင်သည့်အနေဖြင့် ယနေ့ (ဇွန် ၁၇) လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူများကို အသုတ်လိုက် ပြန်လွှတ်ပေးခဲ့သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။
“ရွှေနဒီနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ ထိန်းသိမ်းထားတဲ့သူ တစ်ယောက်မှ မရှိတော့ပါဘူး။ ဒါ နောက်ဆုံးကျန်တဲ့သူတွေကို လွှတ်ပေးလိုက်တာပါ” ဟု ၎င်းက ပြောသည်။
စစ်တပ်နှင့် AA တို့ တိုက်ပွဲများပြင်းထန်နေသည့် ကာလဖြစ်သော ၂၀၁၉ တွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီရေယာဉ်ပေါ် လိုက်ပါလာသည့် အရပ်သား၊ ရဲ၊ အစိုးရဝန်ထမ်းနှင့် စစ်သား စုစုပေါင်း ၅၈ ဦးကို ရသေ့တောင်မြို့နယ် ရေမျက်ရွာအနီး AA က ဖမ်းဆီးခဲ့သည်။
၂၀၁၉ အောက်တိုဘာတွင် စစ်သား၊ ရဲနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးအပါအဝင် ၁၄ ဦး၊ နိုဝင်ဘာတွင် အရပ်သား ၂၅ ဦး၊ ၂၀၂၀ ဖေဖော်ဝါရီတွင် အစိုးရဝန်ထမ်းတချို့ကို AA က လွှတ်ပေးခဲ့သည်။
ရဲနှင့် စစ်သားများကို ယနေ့ နံနက် ၁၁ နာရီ ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအနီး ပြန်လွှတ်ပေးလိုက်ပြီး တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအောင်ဇော်က လက်ခံလွှဲပြောင်းရယူခဲ့သည်ဟု သိရသည်။
ပြန်လွတ်လာသူများမှာ ဘူးသီးတောင်ထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးသာစိန်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး၊ ရဲအုပ်တစ်ဦး၊ ဒုရဲအုပ်တစ်ဦး၊ ဘူးသီးတောင်မြို့အခြေစိုက် ခမရ(၃၄၅)မှ ဗိုလ်ကြီးညီညီဇော်၊ တပ်ကြပ်ကြီး ၄ ဦး၊ တပ်ကြပ် ၃ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၄ ဦးတို့ ဖြစ်သည်။
ထို့အပြင် စစ်သုံ့ပန်းများဖြစ်သော တပ်မ ၇၇ လက်အောက်ခံ ခမရ(၇)မှ တပ်ကြပ်ကြီး မောင်ကြည်၊ ကျောက်တော်မြို့အခြေစိုက် ခမရ(၃၇၄)မှ တပ်ကြပ် တင်ဌေး၊ တပ်မ ၂၂ လက်အောက်ခံ ခမရ (၂၀၄) မှ တပ်ကြပ် မင်းကြည်တို့မှာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်း၍ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ခိုင်သုခက ပြောသည်။
ထို့အပြင် စစ်ပွဲကာလက ဖမ်းဆီးရမိထားသည့် ပလက်ဝအခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၂၈၉)မှ ဒု-အရာခံဗိုလ်အောင်ဝင်းအပါအဝင် တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၂ ဦးနှင့် ဒုတပ်ကြပ်တစ်ဦး စုစုပေါင်း ၆ ဦးကို ယမန်နေ့(ဇွန် ၁၆)က မြောက်ဦးမြို့နယ် ကျောက်ကျပ်ရွာတွင် ပြန်လွှတ်ပေးလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။
AA နှင့် စစ်တပ်သည် နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီးနောက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်ထားကြသည်။
AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ သတ်မှတ်ထားခြင်းကို စစ်ကောင်စီက မတ် ၁၁ တွင် ရုပ်သိမ်းလိုက်သည်။
ထို့အပြင် AA ၏ တပ်ချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ ကိုအောင်မြတ်ကျော်၊ ညီမ မယမင်းမြတ် (ခ) မိုးနှင်းဖြူ ၊ ရခိုင်အသင်းစင်ကာပူမှ အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၀ ဦးကို AA နှင့် ဆက်နွှယ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အမှုဖွင့်တရားစွဲဆိုထားခဲ့ရာမှ ပြီးခဲ့သည့် ဇွန် ၂ တွင် အမှုရုပ်ပြီးနောက် ဇွန် ၉ တွင် လွတ်မြောက်လာကြသည်။
ထိုသို့ တစ်နှစ်နှင့် ၈ လနီးပါးကြာအောင် ဖမ်းဆီးထားသည့် ရွှေနဒီရေယာဉ်ပေါ်မှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးခဲ့ခြင်းသည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ ကိုအောင်မြတ်ကျော်တို့ လွတ်မြောက်လာခြင်းနှင့် သက်ဆိုင်သည်ဟု ခိုင်သုခက ဆိုသည်။
“ တစ်ဖက်နဲ့တစ်ဖက် အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ ကျွန်တော်တို့ဘက်ကလည်း ပြန်ပြီးတော့မှ အပြုသဘောဆောင်တဲ့အနေနဲ့ ပြန်ပြီးလွှတ်ပေးတာဖြစ်တယ်ဗျ” ဟု ခိုင်သုခက ပြောသည်။
AA က ဖမ်းဆီးခဲ့သည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် NLD အမတ် ၃ ဦးနှင့် အမတ်လောင်းတစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။
သို့သော် သုံ့ပန်းအရေအတွက် မည်မျှကျန်သည်ဆိုသည်နှင့် ပတ်သက်ပြီး AA ဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
၂၀၁၈ နိုဝင်ဘာလမှစ၍ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အရပ်သားများနှင့်အတူ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း များပြားခဲ့သည်။
နှစ်နှစ်တာစစ်ပွဲကာလအတွင်း ရခိုင်ဒေသခံ နှစ်သိန်းကျော် နေရပ်စွန့်ခွာကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ရှောင်စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်ကာ မပေါက်ကွဲသေးသော လက်နက်ကြီးကျည်၊ မြေမြှုပ်မိုင်းအန္တရာယ်များလည်း ဒေသခံများ ရင်ဆိုင်နေရသည်။
လက်ရှိတွင် အာဏာသိမ်းယူထားသော စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကချင်ပြည်နယ်၊ ကရင်နှင့် ရှမ်းမြောက်တို့တွင် တိုက်ပွဲဖြစ်နေပြီး ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်နေသည်။