အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် NLD ရုံးနှင့် ဆက်စပ်နေရာများ ညအချိန် တိုက်ခိုက်ခံရ

မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး အပါအဝင် ပါတီနှင့် ဆက်စပ်နေသူများ၏ အဆောက်အအုံများကို အရပ်ဝတ်လက်နက်ကိုင်များက ညအချိန် ပစ်ခတ်ဖျက်ဆီးနေသည်။

ဇွန် ၁၃ ရက်ညပိုင်းက မန္တလေးမြို့ရှိ NLD ပါတီရုံးအချို့ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီးနောက် ဇွန် ၁၄ ညပိုင်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နေအိမ်နှင့် အခြားဟိုတယ်တစ်ခု တိုက်ခိုက်ခံရသည်။

အမရပူရမြို့နယ်ရှိ ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်ရှေ့တွင် ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု Mizzima သတင်းတွင် ဖော်ပြသည်။

“အဖြူရောင်ကားနဲ့ လာပစ်သွားတယ်။ မနေ့က မြို့နယ်ရုံးကို ဗုံးလာပစ်တာလည်း အဲလိုကားပဲ။ နှစ်လုံးဆင့်ပေါက်ကွဲမှုဖြစ်တာပါ။ အိမ်မှာလူမနေတဲ့အတွက် ထိခိုက်ပျက်စီးတာ မရှိဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားလျက် Mizzima သတင်းက ဆိုသည်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကောင်စီက ပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းကို ရင်ဆိုင်နေရသူဖြစ်သည်။ 

ထို့အတူ ယမန်နေ့ညပိုင်းက အမရပူရမြို့နယ်မရောက်ခင် မန္တလေးမြို့အထွက် တမ္ပဝတီရပ်ရှိ NLD ပါတီနှင့် နီးစပ်သူတစ်ဦးပိုင်ဆိုင်သည့် ပန်တော်ဦးမိုတယ်ကိုလည်း အရပ်ဝတ်လက်နက်ကိုင်များက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မိုတယ်ပိုင်ရှင်ဖြစ်သူ ဦးမြင့်ချိုက ဆိုသည်။ 

“မတ်တူးကားတစ်စီးနဲ့ ဆိုင်ကယ်ရယ်၊ ခြေကျင်လာတဲ့သူလည်း ပါတယ်။ မနေ့ညက ၁၀ နာရီလောက်ပေါ့။ သေနတ်နဲ့ အရင်ပစ်တယ်။ ပစ်ပြီးမှ ဗုံးခွဲတာပေါ့” ဟု ၎င်းက Myanmar Now ကို ယနေ့ (ဇွန် ၁၅) နံနက်ပိုင်းတွင် ပြောသည်။

ဇွန် ၁၄ ရက်ညပိုင်းက တိုက်ခိုက်ခံခဲ့ရသည့် မန္တလေးမြို့အထွက် တမ္ပဝတီရပ်ရှိ NLD ပါတီနှင့် နီးစပ်သူတစ်ဦးပိုင်ဆိုင်သည့် ပန်တော်ဦးမိုတယ် ဧည့်ကြိုဌာနကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − Supplied) 

အဆိုပါ အရပ်ဝတ်လက်နက်ကိုင်လူတစ်စုက သော့ခတ်ပိတ်သိမ်းထားသည့် ဟိုတယ်ကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ကာ ဗုံးနှစ်လုံးခွဲခဲ့သောကြောင့် ဟိုတယ်မှန်တံခါးနှင့် နံရံများ ပေါက်ပြဲပျက်စီးခဲ့သော်လည်း ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိသောကြောင့် ဟိုတယ်အတွင်းပိုင်းပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ပြောသည်။ 

ဦးမြင့်ချိုသည် မကြာသေးခင်နှစ်များအတွင်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုများ နှင့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် NLD ပါတီအနိုင်ရရှိရေး ကိုယ်ထူကိုယ်ထလှုပ်ရှားမှုအများအပြား ဆောင်ရွက်ခဲ့သူဖြစ်သော်လည်း NLD ပါတီဝင်မဟုတ်ပေ။ 

NLD ရုံးနှစ်ရုံးလည်း ဇွန် ၁၃ ရက်ညပိုင်းက အလားတူ တိုက်ခိုက်ခံခဲ့ရသည်။

ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းပေါ်ရှိ ချိပ်ပိတ်ခံထားရသည့် NLD တိုင်းရုံးကို လူတစ်စုက ညအချိန်တွင် သော့ဖျက်ဝင်ရောက်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးဗီနိုင်းဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့ကြောင်း DVB သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အလားတူ ချမ်းမြသာစည်မြို့နယ် NLD ပါတီရုံးကိုလည်း ထိုနေ့ညပိုင်း၌ပင် လက်ပစ်ဗုံးနှစ်လုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗုံးတစ်လုံးပေါက်ကွဲသော်လည်း ကျန်တစ်လုံးမှာ မကွဲခဲ့ဟု သိရသည်။ 

ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button