သတင်း

မိုင်းယော်တွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်တွန်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ပြီး စစ်ကောင်စီတပ်များနှင့် အဆက်အသွယ်ဖြတ်ရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းထားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“နားတော့နားခိုင်းတာပဲ။ အုပ်ချုပ်ရေးမှူးအသစ်ပြန်ရွေးတဲ့၊ ပြန်ရွေးလို့မရရင် အဟောင်းပြန်လုပ်လည်းရတယ်တဲ့။ ဒါပေမယ့် တပ်နဲ့ပတ်သက်တာတွေ မဆက်သွယ်နဲ့တဲ့။ အဓိကက တပ်နဲ့ပဲ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၅ တွင် KIA တပ်ရင်း ၁၇ မှ တပ်ရင်းမှူးက တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီနှင့် ပတ်သက်သည့် မည်သည့်ဌာနဆိုင်ရာနှင့်မှ မဆက်သွယ်ရန် တားမြစ်ခဲ့သော်လည်း ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မိုင်းယော်ဒေသတွင် လှုပ်ရှားနေသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)  နှင့် ရက္ခိုင့်တပ်‌တော် (AA) တို့ကလည်း အလားတူ တိုက်တွန်းထားသည်ဟု အဆိုပါအုပ်ချုပ်ရေးမှူးက ပြောသည်။ 

TNLA အဖွဲ့ကမူ အုပ်ချုပ်ရေးမှူးအဖြစ်မှ မနုတ်ထွက်ဘဲ ဆက်လုပ်ရန်တိုက်တွန်းသော်လည်း စစ်ကောင်စီနှင့် အဆက်အသွယ် တတ်နိုင်သမျှလျှော့ချဖို့ တိုက်တွန်းထားကြောင်း၊ ၎င်းအနေဖြင့်လည်း နုတ်ထွက်မထွက်ကို မဆုံးဖြတ်ရသေးကြောင်း ပြောသည်။

“ဒီမှာက ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဘူး၊ လေးငါးဖွဲ့တောင်ရှိနေတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ထိုသို့တိုက်တွန်းမှုနှင့် ပတ်သက်ပြီး KIA နှင့် TNLA တို့၏ ပြန်ကြားရေးအရာရှိများကို Myanmar Now က မေးမြန်းရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

မိုင်းယော်ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ NLD အစိုးရလက်ထက်က ကျေးရွာသားများ၏ သဘောတူညီချက်ဖြင့် ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများဖြစ်ပြီး စစ်ကောင်စီက ခန့်အပ်ထားသူများ မပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လတ်တလောအားဖြင့် ကျေးရွာအုပ်စုတချို့မှ အုပ်ချုပ်ရေးမှူးများ ရာထူးမှ နုတ်ထွက်သွားပြီဟု ကြားရသော်လည်း အမည်နှင့် အရေအတွက်ကိုတော့ အတိအကျမပြောနိုင်ကြသေးပေ။

မိုင်းယော်တိုက်နယ်တွင် ကျေးရွာအုပ်စုပေါင်း ၂၈ အုပ်စုနှင့် ရွာပေါင်း ၂၂၀ ကျော်ရှိပြီး ရှမ်း၊ တအာင်း၊ ကချင်၊ ကိုးကန့်နှင့် တရုတ်လူမျိုးများ နေထိုင်သည်။

ယခင်က စစ်ကောင်စီစစ်ကြောင်း တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် ဝင်ထွက်သွားလာလေ့ရှိသော်လည်း ဧပြီလကုန်မှစ၍ မတွေ့ရတော့ကြောင်း ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် ဇွန် ၁၁ ကလည်း တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူနှင့် ကျောက်မဲမြို့နယ်များအတွင်းရှိ အစိုးရဝန်ထမ်းများ CDM ပြုလုပ်ရန်နှင့် CDM မလုပ်သည့် အစိုးရဝန်ထမ်းများ အဆိုပါမြို့နယ်များမှ ထွက်ခွာရန် တိုက်တွန်းထားသည်။

လိုက်နာခြင်းမရှိသည့် အစိုးရဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါအဖွဲ့ကို ဧပြီ ၃ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြို့နယ် ၇ မြို့နယ်မှ အဖွဲ့ဝင် ၇၀ ကျော်ပါဝင်ပြီး ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ကိုလည်း တစ်ပါတည်းဖွဲ့စည်းထားသည်ဟု သိရသည်။ 

အာဏာသိမ်းပြီးသည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

ပြီးခဲ့သည့် မေ ၃၁ တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ  ခမရ(၁၂၃)အပါအဝင် တပ်စခန်းသုံးခုကို TNLA, MNDAA နှင့် AA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အပါအဝင် ဒေသအနှံ့အပြားတွင် အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှုဖြစ်ပွားနေပြီး အများစုမှာ စစ်ကောင်စီ၏ သတင်းပေးများ၊ ဒလန်များဟု ရပ်ရွာက စွပ်စွဲထားသူများဖြစ်သည်။

Show More

Related Articles

Back to top button