စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် မြန်မာယန်စီကြေးနီစီမံကိန်းမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်းက ယမန်နေ့ (ဇန်နဝါရီ ၁၁) ရက်နေ့တွင် အနီးဝန်းကျင်ရွာကို စီးနင်းပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်။
မြန်မာယန်စီကြေးနီစီမံကိန်းကို ယမန်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ပြီးနောက် နေ့လယ် ၃ နာရီဝန်းကျင်တွင် စက်ရုံထဲနေရာယူထားသည့် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် ဝါးတန်းကျေးရွာကို စီးနင်းခဲ့ခြင်းဖြစ်သည်။
စစ်တပ်က ရွာကိုပစ်ခတ်စီးနင်းစဉ် ပစ်ခတ်မှုကြောင့် ယန်စီကုမ္ပဏီ လုံခြုံရေးဌာနမှ CDM ဝန်ထမ်းဖြစ်သည့် အသက် ၄၅ နှစ်အရွယ် ဦးသန်းဇော်သည် လက်နက်ကြီးထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“ ရှောင်တဲ့သူကတော့ရှောင်တယ်။ (သူက)မရှောင်ဖြစ်လိုက်ဘဲနဲ့ ရွာထဲတင် အငိုက်မိသွားတာ။ လက်နက်ကြီး ပစ်ဖောက်တော့ အိမ်ပေါ်ကျတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ဦးခေါင်း၊ ဗိုက်တို့ လက်နက်ကြီး မှန်ပြီးသေဆုံးသွားတာ”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
အာဏာသိမ်းအစောပိုင်းကာလများတွင် လက်ပတောင်းနှင့် မြန်မာယန်စီ ကြေးနီစီမံကိန်းမှ ဝန်ထမ်းအများစု CDM ဝင်ခဲ့ကြရာ ဦးသန်းဇော်လည်းပါဝင်သည်။ ထို့နောက် စားဝတ်နေရေး ကျပ်တည်းလာသဖြင့် ပြီးခဲ့သည့် နှစ်က လုပ်ငန်းခွင်ပြန်ဝင်ခဲ့သော်လည်း လပိုင်းအကြာတွင် ပြန်ထွက်ကာ CDM တကျော့ပြန် ပါဝင်နေသူ ဖြစ်ကြောင်းသိရသည်။
“ရှေ့ပိုင်းကာလတွေမှာ CDM လုပ်ထားပြီးသားကို စားဝတ်နေရေးအခက်အခဲကြောင့် အလုပ်ဝင်လုပ်သေးတယ်။ ဝင်လုပ်ပြီးနောက်ပိုင်းမှာ ပြန်ထွက်လာတယ်။ အကြောင်းကြောင်းကြောင့် ကျန်းမာရေး၊ အိမ်စားဝတ်နေရေး ကြောင့် ပြန်ထွက်လာပြီး အိမ်မှာပဲနေနေတာပဲ။ CDM လို့ပြောလို့ရတယ်”ဟု အထက်ပါ ဒေသခံကပြောသည်။
ဝါးတန်းရွာကို စီးနင်းခဲ့သည့်စစ်တပ်စစ်ကြောင်းသည် ညနေပိုင်းတွင်ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်သော်လည်း ဒေသခံတို့သည် စစ်တပ်ရန်ကြောင့် နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာရှောင်တိမ်းနေရဆဲ ဖြစ်သည်။

မြန်မာယန်စီ စီမံကိန်းနှင့် လမ်းတစ်ဖက် မျက်နှာချင်းဆိုင်ရှိ ဝါးတန်းကျေးရွာသည် ၂၀၂၂ ခုနှစ်၊ မေလဆန်း ကလည်း စစ်တပ်ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် နေအိမ် ခြောက်လုံးပြာကျခဲ့ရသည်။
ကြေးနီစီမံကိန်းမှ စစ်တပ်ဝင်ငွေရနေသည့်အတွက် အာဏာသိမ်းကာလအတွင်း လုပ်ငန်းလည်ပတ်ခြင်း မပြုရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသော်လည်း ကုမ္ပဏီကဝန်ထမ်းများကို ငွေကြေး မက်လုံးပေး စည်းရုံးမှုများလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ စီမံကိန်း အပြည့်အဝနီးပါး ပြန်လည် လည်ပတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စက်ရုံပြန်လည်ပတ်ပြီးနောက် တော်လှန်ရေးအင်အားစုများက စစ်တပ်တပ်စွဲထားရာ စီမံကိန်းဝင်း အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာစီမံကိန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
ထို့နောက် စက်ယန္တရားများလည်ပတ်ရန် ဆီအခက်အခဲရှိသည်ဟူသည့် အကြောင်းပြချက်ဖြင့် ဝမ်ပေါင် စီမံကိန်းကို ဒီဇင်ဘာလဆန်းပိုင်းကစပြီး သုံးလကြာ ယာယီရပ်နားခဲ့သည်။ သို့သော်လည်း မြန်မာယန်စီ ကြေးနီစီမံကိန်းသည် ဆက်လက်လည်ပတ်နေခြင်းဖြစ်သည်။
မုံရွာမြို့တစ်ဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်သည် စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်ပြီး ပြည်ခိုင်ဖြိုးပါတီသာ ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် မပြိုင်ခင်ကပင် အနိုင်ရနေပြီးသား မဲဆန္ဒနယ် တစ်ခုလည်းဖြစ်သည်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်အစိုးရပိုင် လက်နက်ခဲယမ်းများထုတ်လုပ်နေသည့် နိုရင်ကို (NORINCO) လက်အောက်ခံကြေးနီစီမံကိန်းမှ စစ်တပ်က ဒေါ်လာသန်းနှင့်ချီ အကျိုးအမြတ်ရနေပြီး ၂၀၂၁ ခုနှစ်တွင် လက်ပတောင်း ကြေးနီစီမံကိန်း(ဝမ်ပေါင်စီမံကိန်း)မှ အမေရိကန်ဒေါ်လာ ၄၁၇ သန်းနှင့် စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်း (မြန်မာယန်စီ) မှ အမေရိကန်ဒေါ်လာ ၁၈၇ သန်း စစ်တပ်ထံ စီးဝင်ခဲ့ကြောင်း ဩစတြေးလျအခြေစိုက် Publish what you pay အဖွဲ့ကထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်ကို ကျောထောက်နောက်ခံပေးထားသည့် တရုတ်သည် မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ဝန်ထမ်းများကို အကာအကွယ်ပေးရန်ထုတ်ဖော်ပြောဆိုထားသည်။



