သတင်း

ရဲတပ်ဖွဲ့ထွက်ဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည် အာရုံစိုက်တုံ့ပြန်

စစ်ကောင်စီက စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ တရားလိုရဲအရာရှိကြီးများ၏ ထွက်ဆိုချက်များကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဇွန်၁၄) တရားခွင်တွင် အာရုံစိုက်တုံ့ပြန်ခဲ့ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

“သူသိထားထားတာနဲ့ ကွဲလွဲနေတဲ့ကိစ္စတွေကို တရားလိုက ထွက်တာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေဆိုရင် သူက တန်းပြီးတော့ (ရှေ့နေအဖွဲ့ကို ခေါ်ယူပြီး) သတိလှမ်းပေးတာပါပဲ။ ဒီကိစ္စ ဒီလိုမဟုတ်ဘူးပေါ့” ဟု ဦးခင်မောင်ဇော်ကပြောသည်။ 

သို့သော် တရားရင်ဆိုင်နေဆဲကာလဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများမှတစ်ဆင့် တရားလိုအပေါ် တန်ပြန်မေးခွန်းထုတ်ခဲ့သည့် အကြိမ်အရေအတွက်နှင့် အကြောင်းအရာအသေးစိတ်ကို ထုတ်ဖော်မပြောနိုင်ဟု ၎င်းက ဆိုသည်။

နေပြည်တော်ကောင်စီဝင်း၊ အဆောက်အအုံအမှတ် (၁)တွင် ယနေ့ စတင်ကြားနာသည့် အထူးတရားရုံးတရားခွင်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့် အမှုများအနက် သုံးမှုကို စတင်စစ်ဆေးခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတို့ဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ တရားလိုရဲအရာရှိကြီးများကို ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင် ဦးစီးသော အထူးတရားရုံးက စတင်မေးမြန်းခဲ့သည်။

“တော်တော်ကို စိတ်ဝင်စားတယ်ဗျ။ သေသေချာချာ အာရုံစိုက်တယ်။ ကိစ္စတော်တော်များများမှာ သူ့ရှေ့နေတွေကို လှမ်းခေါ်ပြီး သူက မေးတာရှိတယ်။ ဘယ်ကိစ္စလေးကို အလေးအနက်ထားမေးပေးရင်ကောင်းမလား၊ မကောင်းဘူးလား (ရှေ့နေအဖွဲ့ကို) အကြံပြုပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့တရားခွင်မစမီ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ နာရီဝက်ကျော် သီးသန့်တွေ့ဆုံခွင့်ရသော်လည်း ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြင်ပသို့ ထုတ်ဖော်ပြောဆိုရန်မရှိဟု ၎င်းက ဆက်ပြောသည်။

ရှေ့နေအဖွဲ့တွင်ပါဝင်သူ ဒေါ်မင်းမင်းစိုးကလည်း အမှုသည်နှင့် သီးသန့်တွေ့ဆုံစဉ် သွားကိုက်သည့် ဝေဒနာခံစားနေရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောပြသော သတင်းစကားမှအပ အခြားအထွေအထူး ပြောပြစရာမရှိဟု ဆိုသည်။

ထို့အတူ သုံးစရာငွေကြေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်၍ ကူညီပေးရန် လွန်ခဲ့သည့် ရက်သတ္တပတ်ရုံးချိန်း၌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုကိုလည်း ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဖြည့်ဆည်းပြီးပြီဟု ဒေါ်မင်းမင်းစိုးက ပြောသော်လည်း အသေးစိတ်မသိရပေ။

ယနေ့ (ဇွန်၁၄) ပြုလုပ်သည့် အထူးတရားရုံးတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့်ပင် အမှုဖွင့်ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုပါ တစ်ပါတည်းရုံးထုတ်စစ်ဆေးခဲ့သဖြင့် စုစုပေါင်း တရားခွင်ကြာမြင့်ချိန် ငါးနာရီကျော်ရှိခဲ့ကြောင်း ရှေ့နေများက ပြောသည်။

နေပြည်တော်ကောင်စီဝင်းအတွင်းတွင် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် အထူးတရားရုံးတွင် မနက်ဖြန် (ဇွန်၁၅) ၌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ထပ်မံ၍ ရုံးထုတ်စစ်ဆေးရန်ရှိသည်။

အထက်ပါ နိုင်ငံတော်အကြီးအကဲသုံးဦးစလုံးကို စစ်ကောင်စီက နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ခဖြင့် အမှုတွဲအဖြစ် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့်ပင် နေပြည်တော်၊ လယ်ဝေးမြို့နေ ဦးထွန်းမြင့်အောင်(ခ) ဦးညီညီ၏ တရားစွဲဆိုထားမှုကိုလည်း မနက်ဖြန်(ဇွန်၁၅)၌ ပြုလုပ်မည့် အထူးတရားရုံးတွင် တစ်ပါတည်းရင်ဆိုင်ရဦးမည်ဖြစ်သည်။

အလားတူပင် လာမည့် ဇွန် ၂၃ရက်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆင့်ခေါ်ထားသော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံရမှု၊ မည်သည့်တရားရုံးတွင် တရားစွဲဆိုမည်ကို မသိရသေးသည့် အဂတိလိုက်စားမှုတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရန်ရှိသေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အတွင်းအပြုအမူနှင့် ပတ်သက်၍ “ဒီမိုကရက်တစ်ယောက်က ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေနဲ့ပတ်သက်ရင် စိတ်ဝင်တစားနဲ့ မျှတသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဥပဒေကို ဥပဒေနဲ့တုံ့ပြန်ဖို့ စိတ်ကူးရှိတဲ့ပုံ ပေါ်ပါတယ်”ဟု ဝါရင့်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်သည်။

Show More

Related Articles

Back to top button