သတင်း

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်ကို အမှုရုပ်သိမ်းပြီး အင်းစိန်ထောင်မှပြန်လွှတ်  

အမေရိကန်နိုင်ငံသားဖြစ်သူ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်ကို စစ်ကောင်စီက အမှုရုပ်သိမ်းပြီး ယနေ့ (ဇွန် ၁၄) နံနက် ၁၀ နာရီတွင် အင်းစိန်ထောင်မှ လွှတ်ပေးလိုက်သည်ဟု ၎င်း၏ရှေ့နေ ဒေါ်တင်ဇာဦးက ပြောသည်။

“တရားလို ရဲမှူးမျိုးဦးက ရုပ်သိမ်းလွှာတင်ပေးတယ်။ တရားသူကြီးကလည်း စွဲချက်မတင်မီ ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄ (က) အရ လွှတ်ပေးလိုက်ပါတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီက မတ် ၉ ရက်တွင် ဝင်ရောက်စီးနင်းကာ အယ်ဒီတာချုပ် ကိုနေသန်မောင်နှင့် ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို ဖမ်းဆီးခဲ့ပြီးနောက် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ယနေ့မွန်းလွဲပိုင်းတွင် အင်းစိန်ထောင်မှ လွတ်မြောက်လာသော ကိုနေသန်မောင်သည် ကမာရွတ်ရဲစခန်း၌ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး အောင်သပြေစစ်ကြောရေးတွင် တစ်ညထားပြီးနောက် အမေရိကန်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

“ကိုနေသန်မောင်က အမေရိကန်နိုင်ငံသားဖြစ်လို့ မနက်ဖြန်ပြန်ရမယ် ပြောပါတယ်။ ဒီနေ့တော့ ကိုဗစ်စစ်ထားတယ်။ ကိုဗစ်မရှိဘူးဆိုတာနဲ့  မနက်ဖြန်လေယာဉ်နဲ့ သွားရမှာပါ။ အမေရိကကို တိုက်ရိုက်သွားရမယ်လို့ ပြောတာပဲ” ဟု ဒေါ်တင်ဇာဦးက ပြောသည်။ 

အင်းစိန်ထောင်တွင် သုံးလကျော်ကြာ ချုပ်နှောင်ထားပြီးနောက် အမေရိကန်နိုင်ငံသား ကိုနေသန်မောင်ကို ပြန်လွှတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံသားဖြစ်သူ ကိုဟံသာညိန်းကိုတော့ ဖမ်းဆီးထားဆဲဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာများကို ဆက်တိုက်ဖိအားပေး ခြိမ်းခြောက်ခဲ့ပြီးနောက် သတင်းဌာနရုံးခန်းများကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။ 

ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနရုံးခန်းကို မတ် ၈ တွင်လည်းကောင်း၊ မတ် ၉ တွင် Mizzima မီဒီယာ၊ DVB နှင့် ကမာရွတ်မီဒီယာရုံးခန်းများကိုလည်းကောင်း၊ ဧပြီ ၃ တွင် ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက် The Hakha Post သတင်းဌာနကိုလည်းကောင်း၊ ဧပြီ ၂၂ တွင် စစ်ကိုင်းတိုင်းအခြေပြု မုံရွာမြို့ရှိ မုံရွာဂေဇက်သတင်းဌာနကိုလည်းကောင်း၊ မေ ၅ ညပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ရွှေဖီမြေသတင်းအေဂျင်စီရုံးကို လည်းကောင်း စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ 

Myanmar Now အပါအဝင် သတင်းဌာနများသည် ကြိုတင်ရွှေ့ပြောင်းထားခဲ့သဖြင့် ဖမ်းဆီးခံရသူမရှိသော်လည်း ကမာရွတ်မီဒီယာကို စီးနင်းစဉ် အယ်ဒီတာချုပ် ဦးနေသန်မောင် (အမေရိကန်နိုင်ငံသားခံယူထားသူ) နှင့် ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းတို့ ဖမ်းဆီးခံရကာ ရုံးခန်းရှိပစ္စည်းများလည်း သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။ 

ပြည်တွင်းအခြေစိုက် သတင်းမီဒီယာ ၅ ခုဖြစ်သော Mizzima၊ 7 Day၊ DVB၊ Khit Thit Media နှင့် Myanmar Now တို့ကို ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ဖမ်းဆီးခံထားရသည့် ကိုနေသန်မောင်နှင့် Frontier Myanmar သတင်းဌာနမှ အယ်ဒီတာဖြစ်သူ Daniel Fenster တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် မေလနောက်ဆုံးပတ်နှင့် ဇွန် ၃ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံသား Daniel Fenster ကို မေ ၂၄ ၌ ရန်ကုန်လေဆိပ်မှ အထွက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် Myanmar Now သတင်းထောက် မကေဇွန်နွေးအပါအဝင် သတင်းသမားအများအပြားကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button