သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲသူအား ရဲနှင့်တပ်က စောင့်ရှောက်ထား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်ကာလသတ်မှတ်စည်းကမ်း မလိုက်နာမှုဖြင့် တရားစွဲထားသည့် ဦးထွန်းမြင့်အောင် (ခ) ညီညီကို ရဲနှင့် တပ်က စောင့်ရှောက်ထားသည်ဟု ကာယကံရှင်က Myanmar Now ကို ပြောသည်။

တစ်လကျော်အတွင်း ၎င်းကိုလုပ်ကြံရန် ဗုံးဖြင့်နှစ်ကြိမ်၊ သေနတ်ဖြင့်တစ်ကြိမ် ကြိုးပမ်းခံခဲ့ရပြီးနောက် စစ်ကောင်စီက ထိုသို့စီမံပေးခြင်းဖြစ်ကြောင်း ဦးထွန်းမြင့်အောင် (ခ) ညီညီကိုက ပြောသည်။ 

“အိုးအိမ်စွန့်ခွာတဲ့ထိအောင် ဖြစ်ရတယ်။ အတိုင်းမသိအောင် ဝမ်းနည်းတယ်ပြောရမလား၊ အလိုမကျဘူးပြောရမလား မပြောတတ်တော့ဘူး” ဟု အသက် ၄၇နှစ်အရွယ် ဦးထွန်းမြင့်အောင်က ပြောသည်။

မူလက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာတွင် နေထိုင်သော်လည်း ယခု မည်သည့်နေရာ၌ ရှိသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

မေ ၆ နှင့် ဇွန် ၁၀ ရက်တွင် နေအိမ်၌ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၎င်း၏ မိသားစု ထိခိုက်မှုမရှိသော်လည်း ဒုတိယအကြိမ်ဖောက်ခွဲခံရမှုတွင် အိမ်နီးနားချင်းအမျိုးသားတစ်ဦး ခြေထောက်ဒဏ်ရာရခဲ့သည်ဟု ဦးထွန်းမြင့်အောင်က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့အတူ မေ ၂၉ရက်တွင် ပဲခူးတိုင်း ရေနီမြို့မှ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ၎င်းနေထိုင်ရာ ဟေမန်ကျေးရွာအနီးသို့အရောက် ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရခဲ့သေးသည်ဟု ၎င်းက ဆက်ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းတွင် ကျည်ဆန်ရှပ်ထိဒဏ်ရာကြောင့် သုံးလက်မခန့် စုတ်ပြဲခဲ့ရပြီး တပ်မတော်ဆေးရုံတစ်ခုတွင် ကုသမှုခံယူခဲ့ရသေးသည်ဟု ဦးထွန်းမြင့်အောင်က ပြောသည်။ 

“လာပြီးလုပ်ကြံတာကို ဒီတိုင်းကြီးကြည့်နေရတယ်။ နောက်ဆုံးအကြိမ်ဖြစ်ပြီးမှ ရဲနဲ့ တပ်က ကူညီစောင့်ရှောက်မှုပေးထားတယ်” ဟု ၎င်းက ပြောသည်။

Myanmar Now နှင့် အင်တာဗျူးဖြေကြားနေစဉ်၌ပင် အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိသည်ဟု ဦးထွန်းမြင့်အောင်က ပြောသော်လည်း အတိအကျမသိရပေ။

သေနတ်ပစ်ခံရမှုအပေါ် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း ယနေ့တိုင် တရားခံကို ဖမ်းမမိသေးဟု ဦးထွန်းမြင့်အောင်က ဆက်ပြောသည်။ အဆိုပါအမှုကိစ္စ၊ ဦးထွန်းမြင့်အောင်ကို အစောင့်အရှောက်ပေးထားသည့် အကြောင်းတို့နှင့် စပ်လျဉ်း၍ ရဲစခန်းနှင့် တပ်ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

ဟေမာန်ကျေးရွာသားတစ်ဦးကမူ ဦးထွန်းမြင့်အောင်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများ ကြားသိရသော်လည်း မျက်မြင်တွေ့ရှိခဲ့ခြင်း မဟုတ်ဟု ပြောသည်။

“ကျွန်တော်တို့ကလည်း ရှင်းရှင်းပြောရရင် သွားပြီး မလေ့လာရဲ၊ မစုံစမ်းရဲဘူးလေ။ ရွာက အိမ်ခြေ ၄၀၀ ကျော်တယ်။ သူက မြောက်စမှာ နေတာ။ ဒါမျိုးတွေဆိုတော့ တစ်ရွာလုံးကလည်း ကြောက်ပြီး မစုံစမ်းရဲဘူးပေါ့။ ရဲတွေတော့ လာကြည့်တယ်”ဟု ၎င်းက ပြောသည်။

ဦးထွန်းမြင့်အောင်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမတိုင်မီ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေညောင်ပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်အချို့၏ နေအိမ်များသို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ရာတွင် ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြစ်ပေါ်ခဲ့သည်ဆိုကာ ၂၀၂၀ ဩဂုတ်လကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးထံ လိပ်မူတိုင်ကြားခဲ့သည်။

အဆိုပါကိစ္စကို စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဧပြီ ၁၂ရက်တွင် သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် တရားစွဲရန် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက လက်ခံခဲ့သည်။ 

“နောက်ထပ်ရုံးချိန်းက ဇွန် ၁၅ ရက်နေ့မှာ တရားလို ကျွန်တော်ကိုယ်တိုင် ထွက်ချက်ပေးရမှာ။ ကျွန်တော့်ကိုစစ်မှာ” ဟု ဦးထွန်းမြင့်အောင်က ပြောသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသောအမှု ငါးခုနှင့် ဦးထွန်းမြင့်အောင်စွဲဆိုထားသည့် အမှုတစ်ခု၊ စုစုပေါင်းခြောက်ခုနှင့် ပတ်သက်၍ ယနေ့နှင့် မနက်ဖြန် (ဇွန်၁၄၊ ၁၅)တွင် နေပြည်တော်ကောင်စီဝင်းအတွင်း ဖွင့်လှစ်ထားသည့် တရားရုံး၌ လက်ခံစစ်ဆေးရန်ရှိသည်။

ဦးထွန်းမြင့်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ယင်းနောက် ရန်ပွဲတစ်ခုတွင် ပါဝင်ရာမှ ထောင်ကျခဲ့ပြီးနောက် NLD နှင့် ကင်းကွာသွားသူဖြစ်သည်။

NLD မှ နုတ်ထွက်ပြီးနောက် (စစ်တပ်နှင့် နီးကပ်သည့်) ဗုဒ္ဓကလျဏယုဝအသင်း – YMBA တွင် ပါဝင်လှုပ်ရှားသည်မှအပ မည်သည့်နိုင်ငံရေးပါတီနှင့်မျှ ပတ်သက်မှုမရှိဟု ၎င်းက ပြောသည်။

ဟေမန်ကျေးရွာသားတစ်ဦးကမူ ဦးထွန်းမြင့်အောင်မှာ စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလုပ်ငန်းများလုပ်ဆောင်မှုရှိသည်ဟု ပြောသည်။

“ရွာမှာတော့ စည်းရုံးရေးမှူးပုံစံမျိုးပေါ့”ဟု အဆိုပါကျေးရွာသားက ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားနေဆဲ လက်ရှိကာလတွင် အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်များကလည်း အခမ်းအနားအမျိုးမျိုးကျင်းပနေဆဲဖြစ်သဖြင့် ၎င်းတို့အပေါ် တရားစွဲရန်ရှိမရှိ Myanmar Now က မေးမြန်းရာတွင် နိုင်ငံ၊ လူမျိုး၊ ဘာသာအတွက် ကောင်းတာ၊ မှန်တာလုပ်မည်ဟု ဦးထွန်းမြင့်အောင်က ပြန်ဖြေသည်။

သို့သော် “အခုလောလောဆယ်တော့ ကျွန်တော်ကိုယ်တိုင်ပြေးနေရတာဆိုတော့ အဲဒါတွေကို မလုပ်နိုင်ဘူး”ဟု ၎င်းက ဆက်ပြောသည်။
 

Show More

Related Articles

Back to top button