အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ULA အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင် ၁၀ နှစ်စီချ၊ ၁ ဦး ပြန်လွှတ် 

လူသတ်မှုစွဲချက်ဖြင့် တစ်နှစ်နီးပါး ဖမ်းဆီးစစ်ဆေးနေသည့် ULA ၏ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်သုံးဦးအနက် နှစ်ဦးသည် ထောင်ဒဏ် ၁၀ နှစ်ချခံရပြီး ကျန်တစ်ဦးကို ပြန်လွှတ်ပေးလိုက်သဖြင့် သေဆုံးသူ၏ မိသားစုဝင်များက ကျေနပ်မှုမရှိဟု ဆိုကြသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဂန်းကျားကျေးရွာတွင် ဒေသခံတစ်ဦးကို သတ်ဖြတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၏  ဆယ်အိမ်မှူးနှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဆူပူမှုဖြင့် ဖမ်းဆီးခံထားရသော ‌‌‌ဒေသခံ အမျိုးသားတစ်ဦး ၂၄ နာရီမပြည့်မီ သေဆုံးသွားသဖြင့် အဆိုပါ ကျေးရွာ၏ အုပ်ချုပ်ရေး အဖွဲ့ဝင် သုံးဦးကို တစ်နှစ်နီးပါး အမှုဖွင့်စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၃၁ ရက်တွင် မင်းပြားခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆယ်အိမ်မှူးများ ဖြစ်ကြသော ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေး‌ငွေတို့သည် ထောင်ဒဏ်ချမှတ်ခံ ရသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းအား အပြစ်မရှိဆိုကာ လွှတ်ပေးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့က အသက် ၃၂ နှစ်အရွယ် ကိုသိန်းထွန်းလှိုင်ကို ရပ်ရွာတွင် ဆူပူ သောင်းကျန်းနေသည်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ ဆယ်အိမ်မှူးများဖြစ်သည့်  ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေး‌ငွေတို့က ဖမ်းဆီးပြီး ထိပ်တုံးခတ်ထားလိုက်သည်။

နောက်တစ်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဖမ်းဆီးခံထားရသည့် ကိုသိန်းထွန်းလှိုင်၏အလောင်းကို အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လှေပေါ်တင်နေသည်ကို လူအများ တွေ့ရှိသွားရာမှ သေဆုံးသည်ကို မိသားစုဝင်များက သိရှိခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့် အစ်ကိုတော်စပ်သူ အသက် ၃၅ နှစ်အရွယ် ကိုသန်းထွန်းလှိုင် က ပြောထားသည်။ 

ထို့ကြောင့် သေဆုံးသူ၏ မိသားစုဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်သုံးဦးကို အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထံ တိုင်ကြားခဲ့ကြပြီး လူသတ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၃၄ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

၎င်း၏ ညီဖြစ်သူသည် ဖမ်းဆီးခံထားရစဥ် သေဆုံးသွားခြင်းဖြစ်သောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွင်လည်း တာဝန်ရှိပြီး လွှတ်ပေးလိုက်သည့်အပေါ် စဉ်းစားမရကြောင်း ကိုသန်းထွန်းလှိုင်က ပြောသည်။ 

“ရက်ရက်စက်စက် အသတ်ခံ ​သေဆုံးသွားတဲ့လူက အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ဖမ်းထားပြီး  ခြောက်ပေါက် (ထိပ်တုံး) ထည့်ထားချိန်ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

သေဆုံးသွားသည့် အသက် ၃၂ နှစ်အရွယ် ကိုသိန်းထွန်းလှိုင်။ (ဓာတ်ပုံ-ပေးပို့)

“အဓိက တရားခံအုပ်ချုပ်ရေးမှူး ဦးကျော်သန်းကို  သက်ဆိုင်ရာက ပြစ်မှုပြစ်ဒဏ် ထိရောက်စွာ အရေးမယူဘဲ လွှတ်ပေးလိုက်တာကို  လုံးဝ လုံးဝ ဝေဖန်စဥ်းစားလို့မရ” 

တာဝန်ရှိသူတစ်ဦးဖြစ်သော အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလွတ်မြောက်သွားမှုကို ကျေနပ်မှုမရှိသဖြင့် အထက်အဆင့်ဆင့်သို့ တက်ရောက်ကာ တရားစွဲမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါအမှုအခြေအနေနှင့်ပတ်သက်ပြီး AA ၏ တုံ့ပြန်ချက်ကိုရရှိရန် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Myanmar Now က ဇန်နဝါရီလ ၂ ရက်နေ့ကပင် စာပို့မေးမြန်းထားသော်လည်း ယခုသတင်း ရေးသားနေ သည့် ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအား အပြစ်မရှိဟု ဆိုကာ ပြန်လွှတ်ပေးသည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် မသိရပေ။

အဆိုပါအမှု စစ်ဆေးနေသည်မှာ တစ်နှစ်နီးပါး ကြန့်ကြာနေသောကြောင့် နစ်နာသူမိသားစုဝင်များက သံသယတရားခံများအား အမြန်ဆုံး အမိန့်ချမှတ်ပေးစေလိုကြောင်း ယခင်လ လဆန်းက တောင်းဆိုခဲ့ ကြသေးသည်။

အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တို့ကို သိမ်းပိုက်ထားပြီး  ရဲဌာန၊ အုပ်ချုပ်ရေးဌာန၊ တရားစီရင်ရေးဌာနစသည့် အစိုးရဌာနများ ဖွဲ့စည်း၍ အစိုးရယန္တရား လည်ပတ်လျက်ရှိသည်။

ULA/AA က ဆောင်ရွက်နေသော အမှုအခင်းများနှင့်ပတ်သက်၍  အခြေအနေအလုံးစုံအား  AA က တရားဝင် ထုတ်ပြန်ချက်များ မရှိသေးပေ။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏  ၄၇ နှစ် ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်းတို့တရားစီရင်ရေးမှ ပြစ်ဒဏ်ကျ၊ ထိန်းသိမ်းထားသည့်  မြောက်ဦးခရိုင်အတွင်းမှ ၁၆ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ၂၀၂၄ ခုနှစ်၊ တိုက်ပွဲကာလအတွင်း ဖမ်းမိထားသော စစ်ကော်မရှင်တပ်အပါအဝင် ARSA၊ RSO စသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ၈၂ ဦးကိုလည်း ယင်းနေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ရခိုင် အခြေစိုက် သတင်းဌာနများက ဖော်ပြထားကြသည်။ 

ဒေသဆိုင်ရာတာဝန်ရှိသူများက ထိုသူများ၏ မိသားစုဝင်များထံ ပြန်အပ်နှံ၍ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ 

Related Articles

Back to top button