သတင်း

စစ်တပ်ထိုးစစ်ဆင်နေသည့် ဒီးမော့ဆိုအရှေ့ခြမ်းတွင် ဒေသခံငါးဦးသေဆုံး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။

“တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။

ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်သားက ရွာထဲဝင်လာတာတွေ့တော့ သူကထွက်ပြေးမှာပေါ့နော်။ စစ်သားတွေက လိုက်ပစ်တာ” ဟု သေဆုံးသူ၏ ဆွေမျိုးတစ်ဦးက ပြောသည်။

စစ်တပ်က လိုက်လံပစ်ခတ်သဖြင့် သေဆုံးခဲ့သူ၏ အမည်မှာ ဦးမေးလာဖြစ်ပြီး ည ၇ နာရီခန့်တွင်မှ အလောင်းပြန်သယ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ထိုးစစ်အတွင်း သေဆုံးရသူ နောက်ထပ်ဒေသခံနှစ်ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဒေါဆိုကလောရွာသား အသက်၂၀အရွယ် ခွန်းဘဲဘဲနှင့် ဒီးမော့ဆိုမြို့နှင့် ကိုးမိုင်ကျော်အကွာတွင်ရှိသည့် ထီးဖိုးကလိုးရွာအနီးတွင် လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခံ့ရသည့် အမည်မသိရသေးသူ လူငယ်တစ်ဦးဖြစ်သည်ဟု ဒေသခံများက အတည်ပြုသည်။

“နှစ်ယောက်ထိတာ တစ်ယောက်ကျသွားတယ်။ ထီးဖိုးကလိုးရွာနားလောက်ထိ ရောက်တယ် လက်နက်ကြီးတွေကျတာ” ဟု ထီးဖိုးကလိုးရွာသားတစ်ဦးက ပြောသည်။

စစ်တပ်၏ ထိုးစစ်ကြောင့် လက်ရှိတွင် ဒီးမော့ဆိုမြို့ပေါ်တွင် နေထိုင်သူများအပါအဝင် အရှေ့ဘက်တစ်ကြောတွင်နေထိုင်သည့် လူဦးရေတစ်သောင်းခွဲခန့် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“အများကြီးပဲ ၁၀ ရွာကျော်တယ်၊ အခုဆို ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး။ အစကတည်းက ဒီဘက်ကရွာ (မြို့နှင့်ဝေးသည့်ရွာ)တွေမှာ စစ်ဘေးရှောင်တွေအများကြီးပဲ။ ဒီးမော့ဆိုမြို့ပေါ်ကလူတွေ ဒီမှာပဲလာပြီး ရှောင်နေကြတာ။ လုံခြုံတဲ့နေရာ မရောက်သေးဘူး။ စစ်ဖြစ်တဲ့နေရာနဲ့ ဝေးတဲ့နေရာမှာတော့ ခဏရှောင်နေရတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်ပိုင် Mytel မှအပ အခြားဆက်သွယ်ရေးအော်ပရေတာလိုင်းများကို သုံးမရတော့သလို လျှပ်စစ်မီးဖြတ်တောက်ခံထားရသည်မှာလည်း ၁၀ ရက်ခန့်ရှိနေပြီဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

“ကြာလာရင်တော့ ဒုက္ခရောက်နိုင်တာပေါ့။ အခုထပ်ပြေးလာတဲ့သူတွေက ဆန်တောင်ပါမလာဘူး။ ကိုယ့်ဘာသာကိုယ် ချက်စားကြတာ။ ချက်စားဖို့အိုးမပါတဲ့သူတွေကျတော့ နှစ်မိသားစု၊ သုံးမိသားစု ပေါင်းပြီး ချက်ကြတာ” ဟု ၎င်းက ပြောပြီး စစ်ဘေးရှောင်များယာယီခိုအောင်းနေရသည့် နေရာများတွင်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်နေသည်ဟု အသိပေးသည်။

ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက အရပ်လေးမျက်နှာမှ စစ်မျက်နှာဖွင့်မည့် အရိပ်အယောင်ရှိကြောင်း KNDF က ဇွန် ၉ ရက်ကတည်းက ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့၏ အရှေ့ဘက် စံပြ ၆ မိုင်နှင့် အနီးအနားကျေးရွာအုပ်စုများ၊ အနောက်ဘက် လိုဘာခိုကျေးရွာအုပ်စု၊ မြောက်ဘက် နန်းဖယ်ခုံမြို့အနီး အိုကေကျေးရွာတို့မှတစ်ဆင့် စစ်ကြောင်းချီလာခြင်း၊ တောင်ဘက် ထွီလီးဘီလာနှင့် ဆိုဒဲခူရွာများတွင် တပ်စွဲထားခြင်းတို့အပေါ် အခြေခံ၍ KNDF က သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်တွင် မေလ ၂၁ ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အကျအဆုံးများသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်မပြုနိုင်ခြင်း မရှိသေးပါ။

ကယားပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၂၀ ကျော်လာပြီဖြစ်ကာ စစ်ကောင်စီက ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိရာတွင် ဒီးမော့ဆိုမြို့ရှိ ဘုရားကျောင်းသုံးကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ထိခိုက်ပျက်စီးခဲ့ရသည်။

Show More

Related Articles

Back to top button