စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲသည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား သဘောတူညီမှုကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
“အထူးသဖြင့်ကတော့ ရွေးကောက်ပွဲတွေ ဖော်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ကြားမှာထားရှိတဲ့ သဘောတူညီမှု၊ တရုတ်-မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်” ဟု နေပြည်တော်တွင် ဒီဇင်ဘာလ၂၉ ရက် က ကျင်းပခဲ့သည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သူများ၏ မှတ်ချက်ပေးပွဲတွင် မစ္စတာတိန့်ရှီးကျွင်းက ပြောကြားခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၃၀ ရက်ထုတ် စစ်တပ်ထိန်းချုပ် သတင်းဌာနများက ရေးသားသည်။
အဆိုပါပြောဆိုချက်သည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်များအား ဖမ်းဆီးထောင်ချပြီးနောက် စစ်တပ်က ဦးဆောင်ကျင်းပနေသည့် ရွေးကောက်ပွဲအပေါ် တရုတ်၏ပါဝင်ပတ်သက်မှုကို တရုတ်ဘက်က ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

တိန့်ရှီးကျွင်းသည် စစ်တပ်၏ ရွေးကောက်ပွဲကို တရုတ်နိုင်ငံ ကိုယ်စား လာရောက် ကြည့်ရှုခဲ့သူဖြစ်သည်။
၎င်းက ” တရုတ်-မြန်မာကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာဆိုရင် ပူးပေါင်း ဆောင်ရွက်မှုတွေ များစွာလုပ်နေတာဖြစ်ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုလည်း ထောက်ပံ့ကူညီမှုတွေ များစွာ ပြုလုပ်လျက်ရှိပါတယ်” ဟု ဒီဇင်ဘာလ ၂၉ ရက် နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲစောင့်ကြည့်မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားတွင် ပြောဆိုခဲ့သည်ဟုလည်း စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ကိုးကားဖော်ပြသည်။
တိန့်ရှီးကျွင်းသည် ၁၀၂၇ စစ်ဆင်ရေးကိုအဆုံးသတ်ရန်၊ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကိုးကန့်၊ တအာင်းပလောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်တို့ အပစ်အခတ်ရပ်ရေးဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။
ထိုဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ပေါ် ရပ်ကွက်များကိုလည်းကောင်း၊ တအာင်းပလောင် TNLA တပ်ဖွဲ့က မိုးကုတ်မြို့ကိုလည်းကောင်း စစ်တပ်လက်ထဲသို့ ယခုနှစ်တွင် ပြန်လည်ပေးလိုက်ရသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် နောက်ပိုင်း နှစ်ကြိမ်ထက်မနည်း သီးသန့်တွေ့ဆုံခွင့်ပြုခဲ့သည်။
ရှီကျင့်ဖျင်နှင့်စစ်ခေါင်းဆောင်တို့သည် အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်မေလတွင် ရုရှားတွင် သီးသန့်တွေ့ဆုံခဲ့သည်။ ထို့နောက် သြဂုတ်လတွင် ရှီကျင့်ဖျင်က စစ်ခေါင်းဆောင်ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး တက်ရန်ဖိတ်ကြားခဲ့ပြီး သီးသန့်ထပ်မံတွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုနှစ်ခုအတွင်း စစ်တပ်ဦးဆောင်မည့်ရွေးကောက်ပွဲအကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။



