ယမန်နေ့ကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်များကြိုတင်စီစဉ်ထားသည့်အတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး) သည် နေရာအများစုတွင် အနိုင်ရနေကြောင်း စုံစမ်းသိရှိရသည်။
‘ကြံ့ခိုင်ရေး’ ဟုလည်းခေါ်ကြသည့်စစ်ဗိုလ်ချုပ်ဟောင်းများ၏ နိုင်ငံရေးပါတီသည် စစ်တပ်ဦးဆောင်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အလားတူ အငြင်းပွားဖွယ်အနိုင်ရခဲ့သည်။ ထို့နောက် ၁၅ နှစ်အကြာတွင်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများကိုဖမ်းဆီးပြီး ကျင်းပသည့်ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်များက လူထုထောက်ခံမှုနည်းသည့် နိုင်ငံရေးပါတီများကို ထပ်မံအနိုင်ရရန် အလားအလာ ကောင်းနေခြင်းဖြစ်သည်။
လတ်တလော သတင်းများအရ ကြံ့ခိုင်ရေးမှဝင်ပြိုင်ကြသည့် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စစ်ဆင်ရေးအထူး အဖွဲ့မှူးဟောင်းဒုဗိုလ်ချုပ်ကြီး တေဇကျော်တို့သည် မဲရလဒ်အသာဖြင့် ဦးဆောင်နေသည်ဟု စုံစမ်းသိရှိရသည်။
၂၀၂၅ ရွေးကောက်ပွဲဝင်ရန် အာဏာသိမ်းစစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြီးခဲ့သည့်ဇူလိုင်လမှ ပြောင်းလာသည့် ထောက်လှမ်းရေးအရာရှိဟောင်းလည်းဖြစ်၊ အာဏာသိမ်းစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ပြည်သူ့လွှတ်တော်နေရာအတွက် စစ်တက္ကသိုလ်အများအပြားရှိရာ ပြင်ဦးလွင်မှ ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် မဲအရေအတွက် ၆၆၀၀၀ ကျော်ဖြင့်အနိုင်ရကြောင်း ပြင်ဦးလွင်မြို့အခြေစိုက် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်း ဒုဗိုလ်ချုပ်ကြီး တေဇကျော်တို့သည်လည်း မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် မဲပေါင်း ၃၃၄၇၂ ဖြင့် အနိုင်ရထားကြောင်း စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်ချန်နယ်များက ရေးသားသည်။
ထို့အပြင် စစ်ကော်မရှင်ခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်သည်လည်း အောင်မြေသာစံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲပေါင်း ၃၃၄၉၀ ဖြင့် အနိုင်ရကြောင်း အဆိုပါ တယ်လီဂရမ်ချန်နယ်က ရေးသားသည်။
ကြံ့ခိုင်ရေး ပါတီအထွေထွေအတွင်းရေးမှူး ဒုဗိုလ်ချုပ်ဟောင်း ဦးသောင်းအေးကလည်း မဲရလဒ်အခြေအနေနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အခြေအနေကောင်းမွန်သည်ဟု ယေဘူယျပြောနိုင်ကြောင်း Myanmar Now ကိုဖြေသည်။
“ပျော်ဘွယ်အခြေအနေကောင်းပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ အခြေအနေက မထုတ်သေးဘူးခင်ဗျ။ ကောင်းမွန်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ အလားအလာကတော့ ယေဘူယျကောင်းတယ်လို့ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း၌ ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ ချမ်းအေးသာစံ၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် အောင်မြေသာစံ စုစုပေါင်းမြို့နယ် ရှစ်မြို့နယ်တွင် ရွေးကောက်ပွဲလုပ်ကြသည်။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အချို့ကလည်း ရွေးကောက်ပွဲအပိုင်း (၁) လုပ်သည့် ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအများစုတွင် အနိုင်ရနေကြောင်း လူမှုကွန်ရက်တွင် ထုတ်ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌ စစ်ဗိုလ်ချုပ်ဟောင်း ဦးလှဆွေကလည်း ရခိုင်ပြည်နယ်အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကယား (ကရင်နီ) ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် နေရာဒေသ ရှစ်ခုတို့တွင် ကြံ့ခိုင်ရေးက အနိုင်ရထားကြောင်း ၎င်း၏ TikTok လူမှုကွန်ရက်တွင် ပြောသည်။
“ကျန်တဲ့ဟာတွေကတော့ ရေတွက်ဆဲပေါ့။ အဲဒီအနေအထားတော့ရှိတယ်။ နေပြည်တော် ပုဗ္ဗသီရိကတော့ ကျွန်တော် နိုင်တာပေါ့ဗျာ။ ကျွန်တော် လွတ်လွတ်ကျွတ်ကျွတ်နိုင်တာပေါ့။ ပုဗ္ဗသီရိ မဲရုံ ၇၆ ရုံမှာ လေးရုံတော့ ပွတ်ကာသီကာရှုံးတာပေါ့။ အဲဒီတော့ ၇၂ ရုံနိုင်တာပေါ့။ ကျန်တဲ့ ရှစ်မြို့နယ်လုံးအကုန်နိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး မြို့နယ်တွင်မူ စစ်ကော်မရှင်တပ် လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNA) ပြည်သူ့စစ်၏ နိုင်ငံရေးပါတီဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် မဲအများရသူ အနိုင်ယူ စနစ်ဖြင့် မဲအများဆုံးရထားကြောင်း PNO သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၏ မြို့တော် တောင်ကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ (၆၈၁၀၆)မဲဖြင့် အသာစီးရထားပြီး ကြံ့ခိုင်ရေး ပါတီက (၅၁၃၈၄)မဲ အသီးသီးရထားကြောင်း PNA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ခွန်ဆန်းအောင်က ၎င်း၏ Facebook တွင် ရေးသားသည်။
လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက်မူ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီက အနိုင်ရထားကြောင်း ကျားဖြူပါတီမှ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း Sai Kaung Thet San က ၎င်း၏ Facebook တွင် ရေးသားသည်။
လွိုင်လင်မြို့နယ် အခြေအနေကိုမူ မသိရသေးကြောင်း PNO သတင်းရင်းမြစ်က ပြောသည်။
မဲရေတွက်သည့် အခြေအနေနှင့်ပတ်သက်၍လည်း PNO ပါတီသတင်းရင်းမြစ်က ယခုလိုပြောသည်။
“သက်ဆိုင်ရာ မဲရုံမှာ မဲရုံမှူးနဲ့ ပါတီက ကိုယ်စားလှယ်များက အတည်ပြုလက်မှတ်ထိုးပြီး မြို့နယ်စုရပ်ကိုပို့ပါတယ်။ မြို့နယ်စုရပ်မှာရောက်လာတဲ့ မဲပုံးအားလုံးကို ပါတီတိုင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ထပ်မံအတည်ပြု လက်မှတ်ထိုးပေးရပါတယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် အနိုင်ရမှုကို ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တွင်ရသည့် မဲရလဒ်ဖြင့် သတ်မှတ်မည်ဖြစ်ရာ အဆိုပါ နှစ်မြို့နယ်သည် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ကျင်းပမည့် မြို့များဖြစ်သဖြင့် ဆက်လက်စောင့်ကြည့်ရဖွယ်ရှိကြောင်း PNO သတင်းရင်းမြစ်က ပြောသည်။
ရခိုင်ပြည်နယ်အခြေအနေ
ရွေးကောက်ပွဲအပိုင်း (၁) တွင် ရခိုင်ပြည်နယ်၌ စစ်တပ်ထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့တွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်သည်။
ရခိုင်ပြည်နယ်တွင်မူ အကြမ်းဖျင်းအားဖြင့် ကြံ့ခိုင်ရေးပါတီက ဦးဆောင်နေသည်ဟု ဆိုနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။
မဲရလဒ်အသေးစိတ်ကိုမူ လက်ရှိအချိန်အထိ မသိရသေးကြောင်း ဒေါက်တာအေးမောင်က မှတ်ချက်ပေးသည်။
“မဲတွေက မနေ့ညက ရေတွက်လို့ပြီးလောက်ပြီထင်တယ်။ အဲဒီ စာရင်းက မြို့နယ်ကော်မရှင်ရုံးကို ဒီနေ့လောက်တော့ အချုပ်ရောက်နိုင်တယ်။ ကျွန်တော်တို့ကိုယ်စားလှယ်တွေသွားတာရှိတယ်။ မဲရုံတစ်ရုံချင်းဘယ်ပါတီရလဲဆိုတာ စုစုပေါင်းအရေအတွက် မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
စစ်တွေမဲဆန္ဒနယ် အမျိုးသားလွှတ်တော်နေရာနှင့်ပတ်သက်၍မူ ရှုံးနိမ့်သွားကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
“မဲအနေအထားတော့ ကျွန်တော်အသေးစိတ်မသိသေးဘူး။ ကျွန်တော်က ဒုတိယပေါ့။ ဒါပေမယ့် FPTP (မဲများရသူအနိုင်ယူ) စနစ်မှာ ဒုတိယဆိုတာမရှိဘူးလေ။ First Past the Post နိုင်တဲ့သူအကုန်ယူကို ဗျ။ ရှုံးတဲ့သူက ရှုံးတာပဲလေ။ အဲဒီတော့ စစ်တွေမဲဆန္ဒနယ်မှာ ကျွန်တော်ရှုံးတာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဆက်လက်၍ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် အခြေအနေနှင့်ပတ်သက်၍လည်း ဒေါက်တာအေးမောင်က ယခုလိုဆိုသည်။
“ကြိုတင်မဲသာ မပါရင် ကျောက်ဖြူမှာ ကျွန်တော်တို့နိုင်တယ်” ဟု ၎င်းက ပြောသည်။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်အချို့အခြေအနေ
ရွေးကောက်ပွဲအပိုင်း (၁) တွင် အနိုင်ရသူများရှိသကဲ့သို့ အရှုံးရလဒ်ထွက်သူများလည်းရှိကြောင်း Myanmar Now က စုံစမ်းသိရသည်။
ပါတီဝင်အင်အားမပြည့်မီဆိုသည့် အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ပါတီဝင်ဟောင်း ၁၁ ဦးကမူ ရွေးကောက်ပွဲအပိုင်း (၁) တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ကြသည်။
သို့သော်လည်း ၁၁ ဦးလုံး ရှုံးနိမ့်ခဲ့ကြောင်း NDF ပါတီ အတွင်းရေးမှူးဟောင်း ဦးကျော်ထက်က Myanmar Now ကိုပြောသည်။
စစ်ကော်မရှင်လုပ်သည့် ရွေးကောက်ပွဲ၌ စစ်တပ်ကျောထောက်နောက်ခံ (ကြံ့ခိုင်ရေး) ပါတီ အသာစီးရနေသည်ဆိုသော အချက်သည် ထူးဆန်းအံ့ဩဖွယ်ရာကိစ္စတော့ မဟုတ်ပေ။ လေ့လာသူအများစုကလည်း ရွေးကောက်ပွဲတွင် စစ်တပ်လိုလားသည့် နိုင်ငံရေးပါတီသာ အနိုင်ရနိုင်ဖွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းထားကြသည်။
ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ ဦးခင်ရီကလည်း စစ်တပ်နှင့် ကျောချင်းမကပ်သည့် အစိုးရပြုတ်ကျသွားနိုင်ကြောင်း ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာလ ၁၁ ရက်ကတည်းက ထုတ်ပြောထားသည်။
“ အစိုးရသစ်သည် တပ်မတော်နဲ့ ကျောချင်းကပ် ရင်ချင်းအပ် မဆောင်ရွက်နိုင်ဘူးဆိုရင် သေချာတယ်။ ဒီအစိုးရနောက်နေ့ ပြုတ်ကျသွားမှာ ။ ဒါကို စံထားပြီးတွေးရမှာ” ဟု ဦးခင်ရီက ပုသိမ်မြို့တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံပွဲတွင် ပြောသည်။

Myanmar Now ၏ သတင်းရင်းမြစ်များကမူ စစ်တပ်လုပ်သည့် ရွေကောက်ပွဲအပိုင်း (၁) ၌ မဲပေးသူများသည် ယခင်ရွေးကောက်ပွဲများထက် ပိုမိုနည်းပါးကြောင်း ဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ ထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များကမူ စစ်တပ်လုပ်သည့်ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ပြောကြသည်။
NLD ပါတီ၏ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ ဦးဘိုဘိုဦးက “၂၀၂၃ ခုနှစ်မှာ သူတို့ (စစ်ကောင်စီ) ပြဌာန်းတဲ့ရွေးကောက်ပွဲဥပဒေတွေအရဆိုရင် ယခင် ၂၀၁၀ မှာ ပြဌာန်းခဲ့တဲ့ ဥပဒေတွေထက် ပိုပြီးတင်းကျပ်တဲ့ အခြေအနေရှိပါတယ်။ ဒီဘက်ခေတ်ကျတော့ ဒီနေ့လာခေါ်ပြီး နောက်နေ့အလောင်းလာပြန်ယူခိုင်းတဲ့ခေတ်ဗျ။ ဒီလိုအခြေအနေမှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာ ယုံကြည်နိုင်စရာအကြောင်း တစ်ချက်မှ မရှိဘူး” ဟု Myanmar Now ကိုပြောသည်။
စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတသည်ဟု အာမခံကြောင်း ဒီဇင်ဘာလ ၂၈ ရက်တွင် သတင်းမီဒီယာအချို့ကိုပြောသည်။
“ကျွန်တော်တို့ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်လို့ အာမခံတယ်။ တပ်မတော်က လုပ်တာ နာမည်ပျက်မခံဘူး” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲသည် အပိုင်း (၃) ပိုင်းဖြင့် ကျင်းပမည်ဖြစ်သဖြင့် ရွေးကောက်ပွဲ သုံးပိုင်းလုံးစောင့်ကြည့်ပြီးမှ ရွေးကောက်ပွဲ တရားမျှတမှု ရှိ မရှိ ပြောကြရန် စစ်ခေါင်းဆောင်က ဆိုသည်။



