
အာဏာသိမ်းစစ်ကောင်စီကို ဒေသခံ ကရင်နီလူမျိုးများက ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိသည့် ကယားပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၂၀ ကျော်လာပြီဖြစ်ကာ စစ်ကောင်စီက ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။
ဘုန်းတော်ကြီးများနှင့် ဒေသခံများ၏ ပြောပြချက်အရ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနှင့် ဖယ်ခုံမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၈ ခုအထိကို စစ်ကောင်စီက လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဝင်ရောက်နေရာယူ တပ်စွဲထားသည်များလည်း ရှိသည်။
စစ်ကောင်စီတပ်သည် ဘာသာရေးအဆောက်အအုံများဖြစ်သည့် ဘုရားရှိခိုးကျောင်းများကို တမင်တကာပစ်မှတ်ထားတိုက်ခိုက်သည်မှာ ပေါ်လွင်နေကြောင်း ကယားပြည်နယ်မြို့တော် လွိုင်ကော်မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက Myanmar Now ကို ပြောသည်။
“မှားပြီးတော့ပစ်နိုင်စရာ အကြောင်းမရှိဘူး။ ဘုရားကျောင်းဝင်းတွေက ကယားပြည်နယ်မှာဆိုရင် တော်တော်များများ ဝင်းကျယ်ပါတယ်။ ဘုရားကျောင်းဆိုလည်းကြီးတယ်။ ခန်းမတွေဆိုရင်လည်း ကြီးပါတယ်။ ထင်ထင်ရှားရှားရှိပါတယ်။ ဘုရားကျောင်းတိုင်းမှာ ကျွန်တော်တို့ အလံဖြူထောင်ထားပါတယ်။ သာသနာ့အလံလည်း ထောင်ထားပါတယ်” ဟု ၎င်းက ပြောသည်။
ဘုရားကျောင်းပရိဝုဏ်သည် ဧရိယာအားဖြင့် အနည်းဆုံး ၁၀ ဧက မှ အများဆုံး ဧက ၂၀ အထိ ကျယ်ဝန်းပြီး သီးခြားနေရာတွင် တည်ရှိနေခြင်းဖြစ်သည်ဟုလည်း ဘုန်းတော်ကြီးက ဖြည့်စွက်ပြောကြားသည်။
“လွိုင်ကော်ကနေ လှမ်းပစ်တဲ့အမြောက် ၁၀ မိုင်လောက် ဝေးတယ်။ အဲဒီအမြောက်ကျည်ဆန်တွေက အဲ့မှာကျတယ်လေ။ ရည်ရွယ်ချက်ရှိရှိလို့ ကျွန်တော်တို့က ခန့်မှန်းတယ်လေ။ ဘုရားကျောင်းရဲ့နံရံတွေ ပေါက်သွားတဲ့ပုံစံက ကျည်ဝင်ပြီးပေါက်သွားတာ” ဟု ဒီးမော့ဆိုမြို့ပေါ်ရှိ ဘုရားကျောင်းတစ်ခု လက်နက်ကြီးဖြင့် အပစ်ခံခဲ့ရပုံကိုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီတာဝန်ရှိသူများထံ မေတ္တာရပ်ခံ
တိုက်ပွဲများစတင်ဖြစ်ပွားသည့်အချိန်ကတည်းက ဘာသာရေးအဆောက်အအုံများကို ပစ်ခတ်ခြင်း၊ တိုက်ခိုက်ခြင်းမပြုရန် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လွိုင်ကော်) တာဝန်ရှိသူများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ မေတ္တာရပ်ခံ ပန်ကြားခဲ့သည်။
“သူတို့သိပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းမရှိဘူးဆိုတာလည်း ပြောပြထားတယ်။ အဓိက ခိုလှုံတဲ့သူ ဘယ်သူလဲဆိုတာ ပြောပြထားတယ်။ သက်ကြီးရွယ်အို၊ ကလေးတွေ၊ မိန်းကလေးတွေ ရှိတယ်ဆိုတဲ့အကြောင်း သူတို့သိပါတယ်။ တစ်ခါတလေကျတော့ မပြောတတ်ဘူးပေါ့နော်၊ အခုလုပ်တဲ့ပုံစံက သိသိကြီးနဲ့ လုပ်ချလိုက်တဲ့သဘောပေါ့” ဟု အမည်မဖော်လိုသူ ကက်သလစ်ဘုန်းတော်ကြီးက ဆိုသည်။
စစ်ကောင်စီတာဝန်ရှိသူများကို ထိုသို့အကြောင်းကြား မေတ္တာရပ်ခံထားသည်မှာ ဟုတ်မှန်ကြောင်း လွိုင်ကော် ကက်သလစ်သာသနာလုံးဆိုင်ရာ တာဝန်ခံဘုန်းတော်ကြီးဖြစ်သူ လွိုင်ကော်မြို့ရှိ ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းတော်မှ ဘုန်းတော်ကြီး ချဲလ်ဆို ဘရွေက Myanmar Now ကို ပြောသည်။
“အစကတည်းက အကြောင်းကြားထားပါတယ်။ အရင်ကလည်းတွေ့ခဲ့ပါတယ်။ စဖြစ်ကတည်းကကို ကျွန်တော်တို့ တစ်ခေါက်နှစ်ခေါက် တွေ့ခဲ့ပြီးပါပြီ။ ဒကစမှူးနဲ့ပေါ့နော်၊ တိုင်းမှူးနဲ့လည်း တွေ့ပြီးပါပြီ။ ကျွန်တော်တို့ ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။
အများပြည်သူ ဝတ်ပြုကိုးကွယ်သည့် ဘုရားကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာများကို ပစ်မှတ်မထားရန်နှင့် ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန် မေလ ၂၅ ရက်တွင် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာဥက္ကဋ္ဌဆရာတော်ကြီးဖြစ်သူ ကာဒီနယ်ချားလ်စ်မောင်ဘိုက ကြေညာချက်ထုတ်ပြန်ကာ မေတ္တာရပ်ခံခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကိုယ်စား မြန်မာနိုင်ငံ၏ ပထမဆုံးသော ရဟန်းမင်းအမတ်ဖြစ်သူ ကာဒီနယ်ချားလ်စ်မောင်ဘိုက မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
ဘာသာရေးခေါင်းဆောင်များ၏ မေတ္တာရပ်ခံချက်ကို လျစ်လျူရှု
ဒေသတွင်းရှိ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက ထိုသို့မေတ္တာရပ်ခံပြန်ကြားထားသည်ကို လျစ်လျူရှုကာ အာဏာသိမ်းစစ်ကောင်စီက ကယားပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အပြင် ဘာသာရေးအဆောက်အအုံများအတွင်း ဝင်ရောက်နေရာယူ တပ်စွဲခဲ့သည်။
မေ ၂၃ ရက်တွင် ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ပေါ်ရှိ ယေဇူးရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းကြီးကို လက်နက်ကြီးစထိမှန်ခဲ့ကာ ပြတင်းပေါက်များ ပျက်စီးခဲ့သည်။
နောက်တစ်ရက်တွင် လွိုင်ကော်မြို့မှ ခြောက်မိုင်ခန့်အကွာ ကယန်းသာယာတောင်ရွာရှိ ယေဇူးရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တိုက်ရိုက်ပစ်ခတ်ခဲ့သည်။ မေ ၂၄ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုရားကျောင်းဝင်းအတွင်း ခိုလှုံနေသည့် ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အခြားသူ ၈ ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
မိုးဗြဲမြို့မရဲစခန်းကို မေ ၂၃ ရက်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရွာသားအများအပြား လာရောက်ခိုလှုံနေစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
မေလ ၂၆ ရက်ကလည်း ဒီးမော့ဆိုမြို့မဈေးအနီးရှိ စိန့်ဂျိုးဇက်ဘုရားကျောင်းကို စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် ဘုရားကျောင်းရှေ့မျက်နှာစာအပါအဝင် နံရံနှင့် ပြတင်းတံခါးမှန်များ ထိခိုက်ပျက်စီးခဲ့သည်။
ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် ဘုရားကျောင်းအတွင်း ခိုလှုံနေသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အမည်မဖော်လိုသူ ကက်သလစ်ဘုန်းတော်ကြီးက ဆိုသည်။
“ဘုရားကျောင်းဝင်းထဲ အမြောက်ကျည်ဆန်တွေ ကျပြီးနောက်ပိုင်းမှာပဲ ရွှေ့လိုက်ရတာ။ တကယ်တမ်း အဲဒီမှာက အယောက် ၁၀၀၀ လောက်ရှိနေတာ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ မိန်းကလေးတွေချည်းပဲ။ ဖျားနာတဲ့သူတချို့ပါတယ်၊ ဗိုက်ကြီးသည်တွေပါတယ်၊ သူတို့က အဝေးကို မသွားနိုင်ဘူးလေ။ မသွားနိုင်တော့ နီးစပ်ရာဘုရားကျောင်းမှာပဲ ခိုလှုံတာ” ဟု ၎င်းက ပြောသည်။
ထိုသို့ခိုလှုံနေသူများ ထွက်ပြေးသွားပြီးနောက် စိန့်ဂျိုးဇက်ဘုရားကျောင်း၌ စစ်တပ်က ယနေ့အထိ နေရာယူတပ်စွဲလျက်ရှိသည်ဟု ဒီးမော့ဆိုပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

မေ ၂၉ ရက် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ စိန့်ပီတာရဟန်းဖြစ်သင်တန်းကျောင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုကြောင့် ဘုရားကျောင်းအစောင့်ဖြစ်သူ အသက် ၅၀အရွယ် ဦးဖရေရယ် ပွဲချင်းပြီး သေဆုံးခဲ့သည်။
စစ်ရှောင် ၁၃၀၀ ခန့် ခိုလှုံနေစဉ် စိန့်ပီတာရဟန်းဖြစ်သင်တန်းကျောင်းကို ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ဘုရားကျောင်းရန်ပုံငွေ ကျပ်သိန်း ၂၀ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုယူသွားကြောင်း ဘုရားကျောင်းတာဝန်ရှိသူများထံမှ သိရသည်
“စစ်ဘေးရှောင်နေတာကို လာပြီးတော့မှ အသားလွတ်ကြီး ပစ်သတ်သွားတာကို လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ လုပ်ချင်လို့ရှိရင် လက်နက်ကိုင်အချင်းချင်းလုပ်ပေါ့လေ။ လက်နက်ကိုင်အချင်းချင်း လုပ်လို့မရတဲ့အခါမှာ လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတဲ့ပုံစံမျိုးက မကောင်းဘူးပေါ့” ဟု အထက်ပါ ကက်သလစ်ဘုန်းတော်ကြီးက ပြောသည်။
ဇွန်လ ၃ ရက်တွင် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေ ၆ နာရီခန့်တွင် ကျေးရွာရှိ လုဒ်မယ်တော်သခင်မဘုရားရှိခိုးကျောင်းကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့သည်။
နောက်တစ်ရက်ဖြစ်သည့် ဇွန် ၄ တွင် မိုးဗြဲမြို့ ပွဲကုန်း (၃) ရပ်ကွက်ရှိ မယ်တော်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ ဘုရားကျောင်းအစောင့်များကို ဖမ်းဆီးခဲ့သည်။ အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် အမျိုးသားလေးဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးပြီးနောက် နှစ်ယောက်တစ်တွဲ လက်ပြန်ကြိုးတုပ်ကာ တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတွင် လူသားတံတိုင်းသဖွယ်ပြုလုပ်ခဲ့ကြောင်း ဖမ်းဆီးခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူတစ်ဦး၏ သားဖြစ်သူက Myanmar Now ကို ပြောသည်။ ဖမ်းဆီးခံရသူလေးဦးအနက် အသက် ၁၇ နှစ်အရွယ် လူငယ်ကို ကျောပိုးအိတ်အတွင်း ဗုံးထည့်၍ လွယ်ခိုင်းထားသည်ဟုလည်း ၎င်းက ပြောသည်။
“အဲဒီမှာ(ဘုရားကျောင်း) ပြည်သူတွေက မဝင်ရဲဘူး မသွားရဲဘူး။ သွားတဲ့လူတွေကို ပြန်ဆွဲဖမ်းတာမျိုး ပစ်သတ်တာမျိုးရှိတော့ ဘယ်သူမှ မသွားရဲဘူး။ သူတို့တပ်စွဲထားတာရှိတယ်” ဟု မိုးဗြဲဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၆ ရက်တွင် ဖယ်ခုံမြို့ ဂျေရောဗလိုရပ်ကွက်ရှိ ဆုတောင်းပြည့်လုဒ်မယ်တော် သခင်မလိုဏ်ဂူပရိဝုဏ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ရေးသားကြသည်။
ထိုနေ့၌ပင် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်ရှိ ငြိမ်းချမ်းခြင်းသခင်မ ကက်သလစ်ဘုရားကျောင်း လက်နက်ကြီးဖြင့် အပစ်ခံရကာ ဘုရားကျောင်းမျက်နှာစာတွင် ကြီးမားသော အပေါက်ရာဖြစ်ခဲ့ပြီး ခေါင်းလောင်းစင်လည်း ပျက်စီးခဲ့သည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဘုန်းကြီးကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ယူတိုက်ခိုက်သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများက မေ ၂၇ ရက်တွင် ရေးသားဖော်ပြသည်။
စစ်တပ်၏ သတင်းထုတ်ပြန်မှုသည် မဟုတ်မမှန်စွပ်စွဲချက်များဖြစ်ကြောင်း ကရင်နီအမျိုးသားများ ပြည်သူ့ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Myanmar Now ကို ပြောသည်။
“ဘုရားကျောင်းကို အကာအကွယ်ယူပြီးတိုက်တာ မရှိပါဘူး။ ကျွန်တော်တို့အိမ် ကျွန်တော်တို့ရပ်ကွက်ကနေ တိုက်တာပဲရှိပါတယ်။ ကျွန်တော်တို့ဘာသာရေးအဆောက်အအုံက ကျွန်တော်တို့အထွတ်အထိပ်ထားတဲ့ နေရာပါ။ ဘာလို့ ဘုရားကျောင်းကို ကာဗာယူပြီးတော့ လူတွေသတ်မှာလဲ” ဟု ၎င်းက ပြောသည်။
ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ဘုရားကျောင်းများတွင် တပ်စွဲကာ အကာအကွယ်ယူနေသည့် စစ်တပ်သည်သာ ကြီးလေးသော အပြစ်များကို ကျူးလွန်နေခြင်းဖြစ်ကြောင်းလည်း KNDF ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ဘုရားကျောင်းပရိဝုဏ်အတွင်းရှိ ဓမ္မာရုံကဲ့သို့ အဆောက်အအုံများသည် ဒုက္ခရောက်သူများ ခိုလှုံရာနေရာဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင် ဘုန်းတော်ကြီးများပါ ဘုရားကျောင်းကို စွန့်ခွာနေရပြီဟု ဘုန်းတော်ကြီး ချဲလ်ဆိုဘရွှေက ပြောသည်။
“စစ်ဖြစ်နေတဲ့ နေရာမှာတော့ ဘုရားကျောင်းတွေမှာ ခိုလှုံလို့မရတော့ပါဘူး။ ပြည်သူတွေက အခြားနေရာ ရွှေ့ပြောင်းတဲ့အခါမှာ ဘုန်းတော်ကြီးတွေကိုယ်တိုင်ကလည်း လိုက်ကြည့်ပေးရပါတယ်၊ လိုက်ကူညီပေးရပါတယ်။ ဒါကြောင့် ဒီးမော့ဆိုမှာတော့ ဘုန်းတော်ကြီးတွေ မရှိတော့ပါဘူး” ဟု ၎င်းက ပြောသည်။