အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

IOM ကချင်ပြည်နယ် တာဝန်ခံကို ပုဒ်မနှစ်ခုဖြင့် ဖမ်းထား

ကုလသမဂ္ဂနှင့် ချိတ်ဆက်ထားသည့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် IOM ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာထက်လွင်ဝင်းကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်မှာ တစ်လနီးပါး ရှိပြီ ဖြစ်သည်။

မေ ၁၂ တွင် အဖမ်းခံရသော ဒေါက်တာထက်လွင်ဝင်းကို မြစ်ကြီးနားအကျဉ်းထောင်၌ ချုပ်နှောင်ထားသည်။

အသက် ၃၄ နှစ်အရွယ် ဒေါက်တာထက်လွင်ဝင်းသည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပုံကို ၎င်း၏ အိမ်အဝ ခြေနင်းတွင် ထားရှိသည့်အပြင် CDM လှုပ်ရှားမှုတွင် မပါဝင်သော ကျန်းမာရေးဝန်ထမ်းများကို လူမှုရေးပြစ်ဒဏ်ပေးမည့် စာရင်းကို လက်ကိုင်ဖုန်းတွင် စုစည်းထားသည်ဆိုကာ စစ်ကောင်စီက ပုဒ်မ ၁၂၄- က၊   ပုဒ်မ ၅၀၅ -ကတို့ဖြင့် အမှုဖွင့်ထားသည်။

အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် လှုံ့ဆော်အားထုတ်လျှင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း(၂၀ နှစ်) ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ထောင်ခုနစ်နှစ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က တွင် ပြဋ္ဌာန်းထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဏာသိမ်းစစ်ကောင်စီလက်ထက် ပြင်ဆင်လိုက်သော ပုဒ်မ ၅၀၅ – က မှာ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် ဆူပူလှုံ့ဆော်မှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ကျန်းမာရေးဌာနအရာရှိကြီးတစ်ဦးက ဖိတ်ကြားသည့် ကိုဗစ်နိုင်တင်းကပ်ရောဂါကာကွယ်ရေးဆိုင်ရာ အစည်းအဝေးတစ်ခုကို ဒေါက်တာထက်လွင်ဝင်းက မတက်ရောက်သဖြင့် မကျေမနပ်ဖြစ်သွားသော ထိုအရာရှိက တိုင်တန်းသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ အကူအညီများပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် IOM တွင် တာဝန်ထမ်းနေသူ ဒေါက်တာထက်လွင်ဝင်းကို စစ်ဆေးရာတွင် ဖုန်းထဲတွင် အမှတ်တမဲ့သိမ်းဆည်းထားသော Facebook ဓာတ်ပုံများအရ Non- CDM ကျန်းမာရေးဝန်ထမ်းများကို လူမှုရေးပြစ်ဒဏ်ပေးရန် စာရင်းပြုစုသည်ဟု အမှုဆင်ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဇွန် ၉ တွင် လေးကြိမ်မြောက်ရုံးထုတ်ပြီး ၎င်းအပေါ် စွဲဆိုထားသော ပုဒ်မနှစ်ခုအနက် ပုဒ်မ ၁၂၄-ကအမှုကို ဆိုင်းငံ့ရန် ဥပဒေအကြံပေးရုံးမှ စာကျလာပြီး အမှုကို စစ်ဆေးခြင်းမရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဒေါက်တာထက်လွင်ဝင်းအမှု၏ ရှေ့နေသည်လည်း  ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဒေါက်တာထက်လွင်ဝင်းနှင့် အဆက်အသွယ် ရရှိရေးနှင့် ၎င်းလွတ်မြောက်ရေးအတွက် ကုလသမဂ္ဂဌာနေညှိနှိုင်းဆောင်ရွက်ရေးမှူးရုံး (Office of the United Nations Resident Coordinator) နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု IOM ၏ အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၁၁ တွင် Myanmar Now ကို အီးမေးမှတဆင့် ပြောသည်။

“ကုလသမဂ္ဂဝန်ထမ်းများရဲ့ အခွင့်အရေးနဲ့ ကင်းလွတ်ခွင့်တို့ကို လေးစားဖို့ IOM က စစ်တပ်ကို တောင်းဆိုထားပါတယ်” ဟု IOM ၏ ဒေသတွင်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူထု၏ ဆန့်ကျင်မှုကို အကြမ်းဖက်နည်းဖြင့် တုံ့ပြန်ဖြေရှင်းသည့်အပြင် ရပ်ရွာအခြေစိုက် ပရဟိတအဖွဲ့များကို ပစ်မှတ်ထား ပိတ်ပင်ချေမှုန်းခြင်း၊ ထားဝယ်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့(MFS)ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများကို ပိတ်ပင်ခြင်းတို့ကိုလည်း ဆောင်ရွက်သည်။

ကျန်းမာရေးဌာန CDM ဝန်ထမ်းများလည်း အမှုဖွင့်၊ အလုပ်ထုတ်ခံနေရသည်။   

ဆန့်ကျင်ကန့်ကွက်မှုများကို စစ်ကောင်စီက အကြမ်းဖက်ဖြေရှင်းစဉ် ကျန်းမာရေးဝန်ထမ်းတချို့ သတ်ဖြတ်ခံရပြီး ထိန်းသိမ်းခံရသူလည်း အများအပြားရှိနေသည်။

အာဏာသိမ်းပြီး လေးလအတွင်း စစ်ကောင်စီတပ်များက လူပေါင်း ၈၅၈ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၀၀၀ နီးပါးကို  ဖမ်းဆီးထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၉ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ သေဆုံးသူအရေအတွက်မှာ ၃၀၀ ခန့်သာ ရှိသည်ဟု မကြာခဏ ပြောကြားခဲ့သည်။  

(အယ်ဒီတာမှတ်ချက်- IOM အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်၏ မှတ်ချက်ကို ယခုသတင်းတွင် ထပ်မံဖြည့်စွက်ထားပါသည်။)

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button