အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

စစ်ကိုင်းတိုင်းတွင် နေရာကွက်ကျားကျင်းပရမည့် ရွေးကောက်ပွဲ 

စစ်ကိုင်းတိုင်းမြို့တော်တွင် မည်သည့်နေရာများ၌ မဲရုံတည်ရှိကြောင်း မသိကြရသေးသည်အထိ ရွေးကောက်ပွဲအတွက် လျှို့ဝှက် ပြင်ဆင်နေရချိန်တွင် ဆန့်ကျင်တော်လှန်သူများကလည်း မဲမပေးရန် လှုံ့ဆော်နေကြသည်။

စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာတွင် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲဆွယ်ဆိုင်းဘုတ်များ၊ ရွေးကောက်ပွဲ အငွေ့အသက်များ ပျောက်ဆုံးနေသလို အများပြည်သူကလည်း မဲပေးလိုစိတ်ကင်းမဲ့နေကြသည်ကို တွေ့ရသည်။

စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၁) အတွက် အသင့်ဖြစ်နေပြီဟု ဆိုသော်လည်း ဒေသခံတို့ကမူ မဲပေးမှု နည်းပါးမည့် ရွေးကောက်ပွဲဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။

၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းလိုက်သည့် စစ်တပ်၏ရန်ကို ကြောက်လန့်နေကြရဆဲဖြစ်သော မုံရွာမြို့ပေါ်လူထုသည် ရွေးကောက်ပွဲ စိတ်ဝင်စားမှု မရှိကြကြောင်း၊  ပြည်သူများ မဲပေးနိုင်ရန် ဦးဆောင် လှုံ့ဆော်သူလည်း မရှိကြောင်း မြို့ခံ တက္ကသိုလ်ဆရာ တစ်ဦးက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောသည်။ 

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူထုက ဘာအချက်အလက်မှ မရဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူက ဦးဆောင်လုပ်မလဲဗျ။  ရွာတွေ မပြောနဲ့ မြို့ပေါ်မှာတောင် ခေါင်းခံမယ့်သူတွေက မခံရဲဘူး။ ရွေးကောက်ပွဲကို လုံခြုံရေးအထပ်ထပ်နဲ့ လုပ်လိုက်တာတော့ ဟုတ်ပါရဲ့၊ ဒီလူတွေကို သူတို့ တစ်သက်လုံး လုံခြုံရေး မပေးနိုင်ဘူးလေ။ အခုက မဲရုံ ဘယ်နေရာရှိမှန်းကို ဘယ်သူမှ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

မုံရွာမြို့ပေါ်တွင်လည်း ပါတီဆိုင်းဘုတ် များများစားစား မတွေ့ရကြောင်း၊  မဲရုံများ ရှိသော်လည်း အသိမပေးရဲဘဲ လျှို့ဝှက်လုပ်ကိုင်နေသည့်သဘော တွေ့ရကြောင်း အဆိုပါ ကျောင်းဆရာက ဆိုသည်။

စစ်တပ်သည် ပြည်တွင်းစစ်ကို အရှိန်မြှင့်နေပြီး  လူထုကို တရားမဲ့ပြုကျင့်ရင်း တစ်ဖက်တွင် ရွေးကောက်ပွဲ အလုပ်ဖြစ်ရေးကိုသာ ဇောင်းပေးထားသည် ဟု စစ်ကိုင်းဒေသခံများက ဆိုကြသည်။

နယ်မြေများစွာ လက်လွှတ်ထားရသည့် စစ်ကိုင်းတိုင်း အညာကျေးလက်ဒေသများကို ဗုံးကြဲတိုက်ခိုက်နေစဉ်မှာပင် တစ်ဖက်တွင် မြို့ပေါ်အချို့၌ ရွေးကောက်ပွဲ မဲဆွယ်မှုများဖြင့် ဟန်ရေးပြနေသည်။

စစ်တပ် တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အမတ်လောင်းများက မန္တလေးမြို့နှင့် ဧရာဝတီမြစ်သာခြားသည့် စစ်ကိုင်းမြို့ပေါ်တွင်  လုံခြုံရေးအထပ်ထပ်ယူကာ  စည်းရုံးရေးဆင်း မဲဆွယ်နေကြသည်။

သူတို့၏ မဲဆွယ်ပွဲများ လူစည်စေရန်  ငွေကုန်ကြေးကျခံ  ပြုလုပ်နေသည်ဟု သိရပြီး ပါတီလှုပ်ရှားမှု ရုပ်သံမှတ်တမ်းများကိုလည်း ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ဆက်တိုက်မြင်တွေ့လာရသည်။ သို့သော် စစ်ကိုင်းတိုင်းအတွင်း ကွင်းဆင်းမဲဆွယ်သူများထဲတွင်  ကြံ့ခိုင်ရေးပါတီ အမတ်လောင်းအချို့ကိုသာ တွေ့ရပြီး အခြားပါတီများ၏ အမတ်လောင်းများ၏  မဲဆွယ်စည်းရုံးမှုကို ရပ်ကွက်အဆင့်တွင်ပင် မယ်မယ်ရရ မတွေ့ရပေ။ 

ကြံ့ခိုင်ရေး အမတ်လောင်းအချို့သည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် နှစ် (၇၀၀) အားကစားကွင်းတွင် ဒီဇင်ဘာလ  ၂၃ ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် တက်ရောက်လာသူများကို ဖျော်ဖြေရေးများနှင့်တွဲကာ ငွေကျပ်တစ်သောင်းနှင့် ဆိုင်ကယ်ဆီဖိုးပေးမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးခဲ့သည်ဟု စစ်ကိုင်းမြို့ခံ စျေးသည်တစ်ဦးက ပြောသည်။ 

“ကျုပ်ကတော့ မသွားပါဘူး။ စျေးရောင်းရင်း ပြောသံကြားခဲ့တာ။ ပိုက်ဆံပေးတယ်၊ အင်္ကျီရတယ်တဲ့။ အခုက သွားနားထောင်တဲ့သူတွေကလည်း (ပိုက်ဆံရခဲ့တဲ့အကြောင်း) ပြန်မပြောရဲဘူး” ဟု အဆိုပါ စျေးသည် အမျိုးသမီးက ပြော သည်။ 

စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း  ဦးသက်ပုံ နှင့် ကြံ့ခိုင်ရေး မှ အမတ်လောင်းများ၏ အဆိုပါ လူထုတွေ့ဆုံပွဲနှင့် မဲဆွယ်စည်းရုံးရေးပွဲသို့ ပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်း တက်ရောက်ခဲ့ပြီး သတင်းသမားအချို့ကိုလည်း ဖိတ်ကြားခဲ့ကြောင်း တွေ့ရသည်။ 

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် နှစ် (၇၀၀) အားကစားကွင်း၌ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သော ကြံ့ခိုင်ရေးပါတီတွေ့ဆုံပွဲတွင် တွေ့ရသော ပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်း(အလယ်)နှင့် ပါတီဝင်များ။ (ဓာတ်ပုံ- ကြံ့ခိုင်ရေးပါတီ) 

စစ်တပ်သည် ရွေးကောက်ပွဲနှင့်ပတ်သက်လျှင် မတရားသည့် ဥပဒေများဖြင့် လူထုကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်နေပြီး ရွေးကောက်ပွဲကိုနှောင့်ယှက်သည်ဟုဆိုကာ အရေးယူ၊ ထောင်ဒဏ်များချရုံမက ရွေးကောက်ပွဲ နီးကပ်လာသည့်အချိန် မဲထည့်ရန် အတင်းအကျပ် ဖိအားပေးမှုများလည်း ရှိနေသည်။

နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားပြီး၊  ဆန္ဒပြသူ အများအပြားကို သတ်ဖြတ်ခဲ့သည့်  ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုတွင် ထိပ်တန်းဗိုလ်ချုပ်တစ်ဦးအဖြစ် ပါဝင်ခဲ့သည့်  အမတ်လောင်း ဦးသက်ပုံကလည်း ၎င်းတို့ပြုလုပ်သည့် အပြောင်းအလဲတွင် လိုက်ပါ ပါဝင်ကြရန် တိုက်တွန်းထားသည်။ 

“အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကတော့ နိုင်ငံသားပီသစွာ မဲပေးကြဖို့ ဖြစ်ပါတယ်။ မဲပေးခြင်း၊ မပေးခြင်းကတော့ သူတို့ တစ်ဦးချင်းရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

ရွေးကောက်ပွဲ အပိုင်း(၁) တွင် စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲမှ ၁၂ မြို့နယ်ပါဝင်ပြီး စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ တမူး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ ဟုမ္မလင်း နှင့် နာဂဒေသ သုံးမြို့နယ်ဖြစ်သည့် လေရှီး၊ လဟယ် ၊ နန်းယွန်းမြို့နယ်တို့ ဖြစ်သည်။

အဆိုပါမြို့နယ်များထဲမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် တိုင်းအစိုးရဖွဲ့ရုံးစိုက်ရာ မုံရွာမြို့နယ်တွင် မြို့ပေါ်မှလွဲလျှင် မြို့နယ်တွင်း ကျေးရွာအုပ်စု ၅၄ ခု ရှိသည့်အနက် ကျေးရွာအုပ်စု ၂ ခုသာ ရွေးကောက်ပွဲ လုပ်နိုင်မည်ဖြစ်သည်။ 

မုံရွာမြို့ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် စစ်တပ်အကြား ထိတွေ့မှုများလည်း ရှိနေပြီး ယခုရက်ပိုင်းတွင် လယ်တီရပ်ကွက်အတွင်း ထိတွေ့မှု ယာယီ ဖြစ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဒီရွေးကောက်ပွဲကတော့ တကယ့်ကို ဖရိုဖရဲ ရွေးကောက်ပွဲဖြစ်မှာဗျ” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲတွင်အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက်ကို ယခုရက်ပိုင်း စမ်းသပ်အသုံးပြုနေစဉ်။ (ဓာတ်ပုံ − EPA)

ဒီဇင်ဘာလ ဒုတိယပတ်က စစ်တပ် ထိန်းချုပ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ရွှေဘိုမြို့ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများ နှင့် သတိပေးမှုများကို ပြုလုပ်ခဲ့ကြသေးသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းတည့်ချိန်တွင် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရွှေဘိုမြို့ အဝေးပြေးကားကြီးဝင်းထိပ် တံတား၊ အလောင်းမင်းတရား ဦးအောင်ဇေယျ ရုပ်တုရှေ့၊ အမှတ် (၁) အလယ်တန်းကျောင်း မျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့၊ ရွှေဘို- ရေဦးလမ်းထိပ်နေရာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဗီနိုင်းများ ချိတ်ဆွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့သည်။

သေနတ်ကိုင်ဆောင်ထားသည့် ယူနီဖောင်းဝတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များကိုယ်တိုင်  လာရောက် ချိတ်ဆွဲခဲ့ကြခြင်းဖြစ်သည်။

အလားတူ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များ၏ ဓာတ်ပုံ ၊ အမည်စာရင်းများကို “ အကြမ်းဖက်သစ္စာဖောက်လောက်ကောင်များ”ဟု ဖော်ပြထားသော ဗီနိုင်း၊ ပိုစတာများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်သည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် မြို့နယ်အတွင်း ဒီဇင်ဘာလ ၁၅ ရက်နေ့က ချိတ်ဆွဲ၊ စိုက်ထူခဲ့ကြသည်။

တော်လှန်ရေးအင်အားစုက စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုကြရန် သတိပေးထားကြပြီး အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ကြောင်း   ကြေညာ ထားကြသည်။ 


စစ်ကိုင်းတိုင်းအနောက်မြောက်အစွန်ပိုင်းကျသည့် ကလေးနှင့် တမူးမြို့နယ်များတွင် စစ်တပ်က နယ်မြေ စိုးမိုးရေးပြန်ယူနေသော်လည်း ရွေးကောက်ပွဲဖြစ်မြောက်ရေး ခက်ခက်ခဲခဲရှိမည့်အပြင် ဒေသခံလူထု၏ စိတ်ဝင်စားမှု မရှိသည်ကိုလည်း တွေ့ရသည်ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။

“ကလေးမြို့ပေါ်မှာက လက်ရှိမဲရုံကို မရှိသေးဘူးလို့ ပြောနေကြတာ။ ကြံ့ခိုင်ရေးပါတီကတော့ လေဆိပ် စတိုးဆိုင်ရှေ့ သူတို့ရုံးနားမှာ နာရီဝက်လောက် လက်ကမ်းစာစောင် ဝေသွားတယ်” ဟု ၎င်းက ဆိုသည်။ 

တမူးမြို့နယ်တွင်လည်း မြို့ပေါ်နေလူထုသည် မဲရုံမည်သည့်နေရာတွင် လုပ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာက ကြေညာခြင်းမရှိသည့်အပြင် ကြံ့ခိုင်ရေး ပါတီရုံးအနီးနှင့် မြို့အထွက်နေရာများတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ထားသည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများက အမည်ပင် အသိမခံရဲကြောင်း တမူးဒေသခံတစ်ဦးက ပြောသည်။ 

“ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်မှာလည်း ပေါက်ကွဲမှုဖြစ်သွားတယ်။ မြို့ပေါ်လူထုကိုယ်တိုင်က မဲရုံကို ဘယ်နား ထားမယ်၊ ရှိမယ်ဆိုတာကို မသိကြသေးဘူး” ဟု တမူးဒေသခံက ဆိုသည်။ 

စစ်တပ်က   ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် တစ်နိုင်ငံလုံး မြို့နယ် ၁၀၂ ခု ပါဝင်သည်ဟု ကြေညာထားသည်။   စစ်ကိုင်းတိုင်း ၃၇ မြို့နယ်အနက်  ၁၂ မြို့နယ်၌ ကျင်းပသွားမည်ဟု သိရသည်။

ရွေးကောက်ပွဲနေ့ မဲပုံးထောင်ခွင့်နေရာ နည်းပါးလိမ့်မည်ဟု  စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောသည်။

“သူတို့ ကျင်းပနိုင်မယ်ဆိုတဲ့ နေရာတွေမှာရော တကယ်ကျင်းပနိုင်မှာ သေချာရဲ့လား။ သူတို့ကျင်းပမယ်လို့ပြောနေတဲ့ နေရာတွေကလည်း ရွေးကောက်ပွဲ က စတိလောက်ပဲ ဖြစ်မယ့်အနေအထားပါ” ဟု သုံးသပ်ပြောဆိုသည်။ 

ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂)တို့တွင် သတ်မှတ်ထားသည့် မြို့နယ် ၂၀၂ မြို့နယ်အတွင်းမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခု တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ကော်မရှင်က မကြာသေးခင်က ကြေညာချက်ထုတ်ပြန်ထားသည်။ 

အဆိုပါ ကြေညာချက်အရ တစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းနှင့် နေပြည်တော်ကောင်စီမှလွဲလျှင် ကျန် ပြည်နယ်နှင့်တိုင်း ၁၃ ခု၌ ရွေးကောက်ပွဲ မလုပ်နိုင်သည့် ကျေးရွာအုပ်စု ၃၀၀၀ နီးပါးရှိနေခြင်းဖြစ်သည်။

အများစုမှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုအားကောင်းသော စစ်ကိုင်းတိုင်းမှဖြစ်ပြီး မြို့နယ် ၂၀ မှ ကျေးရွာအုပ်စုပေါင်း ၈၄၇ အုပ်စုအထိ ပါဝင်နေသည်။ 

စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ခု ယှဉ်ပြိုင်မည်၊  ခြောက်ပါတီသာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်ပါတီများက ပြည်နယ်နှင့်တိုင်းလွှတ်တော်များအတွက်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများသည် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နှင့် ပြည်သူ့ပါတီ တို့ဖြစ်သည်။

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်တပ်က အရပ်သားပြည်သူများကိုတိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာပြီး နိုဝင်ဘာလအတွင်း စစ်တပ်လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၃၀ ဦး သေဆုံးကာ ၂၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ပုံစာ-ကနီနှင့်ယင်းမာပင်မြို့နယ် နယ်စပ်တစ်နေရာတွင် စိုက်ထူထားသော ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်။ (ဓာတ်ပုံ-ပေးပို့) 

ပုံစာ- ကလေး-တီးတိန်-ရိဒ်(မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း)တစ်လျှောက်တွင် စိုက်ထူထားသော ရွေးကောက်ပွဲဆန့်ကျင်ရေးပိုစတာတစ်ခု။ (ဓာတ်ပုံ-ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ)

ပုံစာ- ဒီဇင်ဘာလ ပထမပတ်က ဆားလင်းကြီးမြို့နယ်အတွင်း ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ် များထောင်ခဲ့ကြစဉ်။ (ဓာတ်ပုံ-ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ)

ပုံစာ-အရာတော်မြို့နယ်တွင် စိုက်ထူထားသော ရွေးကောက်ပွဲဆန့်ကျင်ရေးပိုစတာကို နိုဝင်ဘာလ ၁၉ ရက်နေ့ က တွေ့ရစဉ်။  (ဓာတ်ပုံ-၅/အရာတော်လူထုသပိတ်) 

Related Articles

Back to top button