သတင်း

ကနီမြို့နယ်တွင် ဇွန် ၉ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးသေ

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယာကြီးကျေးရွာနှင့် သလင်းရွာအကြားတွင် ယမန်နေ့ (ဇွန် ၉) က စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ညနေပိုင်းက မုံရွာ – ယာကြီး – ကလေးဝလမ်း မိုင်တိုင် ၃၅ နှင့် ၃၆ ကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲတွင် ဒေသခံတပ်ဖွဲ့ဘက်မှ သေဆုံးသူမရှိကြောင်း ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ ၈ ဦးအထိ သေဆုံးခဲ့သည့် မုံရွာ – ယာကြီး – ကလေးဝလမ်းပေါ်မှ တိုက်ပွဲမှာ ထိုနေ့အတွင်း ဒုတိယအကြိမ်ဖြစ်ပွားသည့် တိုက်ပွဲဖြစ်ပြီး ထိုနေ့နံနက်ပိုင်း ကနီမြို့နယ် သလင်းရွာမှ ပြန်လာသော စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပထမဆုံး ချုံခိုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

နံနက် ၅ နာရီဝန်းကျင် မုံရွာ-ယာကြီး- ကလေးဝလမ်းမပေါ်ရှိ ယာကြီးကျေးရွာကို စစ်တပ်က ကား ၅ စီး ၊ ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့သည်ဟု ဆိုသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ယာကြီးရွာမှ ၄ မိုင်အကွာရှိ သလင်းရွာရှိ နေအိမ်တချို့ကို သွားရောက်မွှေနှောက်ပြီး အပြန်လမ်းတွင် ချုံခိုတိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။  

“ယာကြီးမှာ နားခိုစတည်းချပြီးခါမှ (စစ်တပ်က) သလင်းဘက်ကို မွှေတာ။ ကနီဘက်ကလာတဲ့ စစ်တပ် က ၃၁ ယောက်ကလည်း ရွာစဉ်လှည့်မွှေပြီး ယာကြီးကအဖွဲ့နဲ့ သလင်းမှာ ဆုံတာဗျ။ သလင်းမှာဆုံပြီး ယာကြီးဘက်ကို ပြန်လာတဲ့ချိန်မှာ ကျွန်တော်တို့ဘက်က အပြန်ကိုစောင့်ပြီးတော့ တိုက်တာ” ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

တိုက်ပွဲအတွင်း မိုးသည်းထန်စွာရွာလာ၍ တူမီးသေနတ်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ 

“မနေ့က မိုးတွေရွာတော့ သူတို့သေနတ်နဲ့ ကျွန်တော်တို့လက်နက်နဲ့က မတူဘူးလေ။ သူတို့သေနတ်က မိုးရေတောထဲ ပစ်ရတယ်။ ကျွန်တော်တို့တူမီးက မိုးရေတောထဲမှာ ပစ်မှမရတာ။ အဲလိုကွာခြားတော့ ကျွန်တော်တို့က နောက်ဆုတ်ပေးလိုက်ရတာပေါ့။ ကျွန်တော်တို့က ပြောက်ကျား(တိုက်ခိုက်မှု)နဲ့ပဲ ဝင်ရတာပေါ့” ဟု တိုက်ပွဲဝင် PDF တစ်ဦးက ဆိုသည်။

ကနီမြို့နယ် ယာကြီးရွာ နေအိမ်တချို့မှ ဆန်အိတ်၊ နှမ်း၊ ပဲ ၊စောင် စသည့် ပစ္စည်းများကို စစ်တပ်က ခိုးယူလုယက်သွားသည်ဟု ဒေသခံများက ဆိုသည်။

ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ချက်မရခဲ့ပေ။ 

ယမန်နေ့တိုက်ပွဲကြောင့် သလင်း၊ သင့်ငံ၊ ပေါက်အင်းမြိုင်၊ ယာကြီး စသည့် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့ (ဇွန် ၁၀) နံနက်အစောပိုင်း၌ ယာကြီးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်သည် မင်းကင်းမြို့နယ် ဆယ်ရွာချောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းရာနေရာများဖြစ်သည့် စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ကနီမြို့နယ်တို့မှ ကျေးရွာများတွင် ဧပြီလဆန်းမှစ၍ စစ်တပ်မှ ဖိနှိပ်နေမှုအပေါ် ဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များဖြင့် ခုခံတော်လှန်လျက်ရှိသည်။ 

မုံရွာ -ယာကြီး – ကလေးဝ လမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း ဧပြီ ၁၈ မှစ၍ စစ်တပ်က ဝင်ရောက်ရှာဖွေမှုများရှိနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုလဆန်းပိုင်းမှစ၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ 

Show More

Related Articles

Back to top button