သတင်း

ပြင်ဦးလွင်၌ စစ်လေယာဉ်ပျက်ကျ၊ ဈေးကုန်းဆရာတော်အပါအဝင် ၁၃ ဦးသေဆုံး 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်တွင် ယနေ့ (ဇွန် ၁၀) နံနက်ပိုင်းက စစ်လေယာဉ်တစ်စီးပျက်ကျခဲ့ရာ နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တကဝိသာရနှင့် လေယာဉ်အမှုထမ်း အရာရှိစစ်သည် ၆ ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်အနီး လျှပ်စစ်ဝန်ထမ်းအိမ်ရာအနီးတွင် စစ်လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု အနီးစခန်းဒေသခံတစ်ဦးက ပြောသည်။ “လျှပ်စစ်ခွဲရုံက တော်တော်ကျယ်တယ်။ လျှပ်စစ်ဝန်ထမ်းတွေနေတဲ့နေရာနဲ့ ပေ ၁၀၀ ကျော်လောက် ဝေးတာပေါ့။ အကုန်လုံးသေတယ်လို့ ပြောတယ်။ လေယာဉ်က စစ်တပ်လေယာဉ်။ လေ့ကျင့်ရေးလေယာဉ်။ အပေါ့စားလေးပါ” ဟု ၎င်းက ပြောသည်။

လေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့သည့် အရာရှိစစ်သည်ခြောက်ဦးမှာ ဗိုလ်မှူးမိုးထက်ကျော်၊ ဗိုလ်မှူးဇော်ထူး၊ ဗိုလ်ကြီးမြင့်စိုး၊ ဗိုလ်ကြီးစိုးဟိန်းထက်၊ တပ်ကြပ်ကြီး ကောင်းစံဝင်းနှင့် တပ်ကြပ် လမင်းဝင်းသိန်းတို့ဖြစ်ကြောင်း သိရသည်။ 

အဆိုပါစစ်လေယာဉ်မှာ အနီးစခန်းလေဆိပ်အနီး သံမဏိစက်ရုံနှင့် လျှပ်စစ်ဓာတ်အားခွဲရုံအကြားတွင် သုံးပိုင်းပြတ်ကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် သီရိသုဓမ္မမဏိဇောတဓရ ဦးဝင်းကိုကို (ခ) ဦးမြဖူး၏ သား မောင်ပိုင်ဘုန်းပြည့်တစ်ဦးသာလျှင် အသက်ရှင်ပြီး ကျန် ၁၃ ဦးလုံး သေဆုံးခဲ့သည်ဟုဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

အခြားပြင်ဦးလွင်ဒေသခံတစ်ဦးက “သိရသလောက်ကတော့ စစ်တပ်က ထောက်ပံ့ပို့ဆောင်ရေးလေယာဉ်လို့ သိရတာပါ။ ဘယ်သူတွေပါပြီး၊ ဘာလုပ်တာလဲဆိုတာမျိုးတော့ မသိပါဘူး။ သွားကြည့်လို့ရတဲ့ အနေအထားလည်းမဟုတ်ဘူး လေ။ ဘုန်းကြီးနှစ်ပါးလည်း ပါတယ်လို့လည်း ကြားတယ်။ ဒီမှာက ရာသီဥတုက ပုံမှန် မိုးရွာတာပဲ ရှိတာပါ၊ အရမ်းဆိုးရွားနေတာမျိုးလည်း မဟုတ်ပါဘူး” ဟု ပြောသည်။ 

နေပြည်တော်မှ နံနက် ၇ နာရီတွင် ထွက်ခွာလာသည့် အဆိုပါ စစ်တပ်သုံးလေယာဉ်မှာ နံနက် ၈ နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ရာသီဥတုဆိုးရွားမှုကြောင့် အဆက်အသွယ်ပြတ်တောက်ကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားစာဟု ယူဆရသော စာတစ်စောင်အရ သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အဆိုပါစာအရ ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာဒိုးကျေးရွာတွင် တည်ဆောက်မည့် မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တင်အခမ်းအနားတက်ရောက်ရန် လိုက်ပါလာသည့် ဈေးကုန်းဆရာတော် ဘဒ္ဒန္တကဝိသာရအပါအဝင် သံဃာနှင့် အလှူရှင် ၈ ဦးလိုက်ပါလာသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာဒိုးကျေးရွာတွင် ယနေ့ (ဇွန် ၁၀) နံနက် ၉ နာရီအချိန်တွင် ပြုလုပ်မည့် မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တင်အခမ်းအနားဖိတ်စာကို Myanmar Now က ရရှိထားပြီး အဆိုပါဖိတ်စာအရ အလှူရှင်မှာ သီရိသုဓမ္မမဏိဇောတဓရ ဦးဝင်းကိုကို (ခ) ဦးမြဖူးနှင့် ဇနီး ဒေါ်လဲ့လဲ့ဝင်းမိသားစုဖြစ်သည်။ 

နိုင်ငံတော်ဩဝါဒစရိယဆရာတော်တစ်ပါးဖြစ်သည့် ဈေးကုန်းဆရာတော်သည် ပျဉ်းမနားမြို့ရှိ မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဖြစ်ပြီး သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်ဆက်ကပ်ခံထားရသူ ဆရာတော်လည်းဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ တည်ထားကိုးကွယ်ခဲ့သည့် ရွှေတိဂုံပုံတူ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒဆရာတော်လည်းဖြစ်သည်။

ပျဉ်းမနားမြို့မှ ဈေးကုန်းဆရာတော်မှာ ဦးသန်းရွှေလက်ထက်မှသည် လက်ရှိအာဏာသိမ်းစစ်ခေါင် ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်အထိ စစ်ခေါင်းဆောင်များ အနီးကပ်ကိုးကွယ်သည့် ထေရ်ကြီးဝါကြီးဆရာတော်တစ်ပါးဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများ ဘုရားစေတီတည်ထားရာတွင် ဩဝါဒဆရာတော်အဖြစ် ပံ့ပိုးပေးလေ့ရှိသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်အရာရှိကြီးများ လိုက်ပါခြံရံလျက် အာဏာသိမ်းပြီးနောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်တွင် ပျဉ်းမနားမြို့ ဈေးကုန်းကျောင်းတိုက်ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့သည်။ 

ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရလိုက်ပါလာသည့် တပ်မတော်လေယာဉ်ပျက်ကျသည်ဟု စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားကလည်း ထုတ်လွှင့်ထားသည်။  

Show More

Related Articles

Back to top button